မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု- ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူပိတ်ဆို့လိုက်တယ်လို့ မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက ရိုဟင်ဂျာတွေကို စနစ်တကျ အကြမ်းဖက်နှိမ်နင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူလိုက်တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံကို ဝင်ရောက်ခွင့်ဗီဇာပိတ်တာ၊ ဗြိတိန်နဲ့ ဆက်စပ်တဲ့ဘဏ်တွေမှာသိမ်းထားတဲ့ပိုင်ဆိုင်မှုတွေရှိရင် ထုတ်ယူသုံးစွဲခွင့်မပြုတာ၊ ဘဏ်တွေကတဆင့် ငွေအလွှဲအပြောင်းလုပ်ခွင့်မရအောင် ထိန်းချုပ်လိုက်တဲ့ သတ်မှတ်ချက်တွေဖြစ်ပါတယ်။
ဒီလို ဗြိတိန်နိုင်ငံက ၂၀၁၈ ခုနှစ် ပိတ်ဆို့အရေးယူရေးနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အက်ဥပဒေအရ အရေးယူ ပိတ်ဆို့လိုက်တာကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မရှေးမနှောင်းမှာပဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရုရှား၊ ဆော်ဒီအာရေးဗျ၊ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတွေက ပုဂ္ဂိုလ်တဦးချင်းနဲ့ အဖွဲ့အစည်းတွေကို ဗြိတိန်က စီးပွားရေးပိတ်ဆို့တဲ့ စာရင်း ထုတ်ပြန်လိုက်တာပါ။ အဲဒီ စာရင်းထဲမှာ ပုဂ္ဂိုလ်တဦးချင်းနဲ့အဖွဲ့အစည်း နာမည် ၄၉ ခု ဖော်ပြထားပါတယ်။
 RFA News