တပ်မတော်ရဲ့ ဆိုးဝါးတဲ့ ကျူးလွန်ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံ အခြေအနေတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ တင်ပြပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထပ်မံတောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား သေဆုံးဒဏ်ရာရတာတွေ တားဆီးနိုင်ဖို့ တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ တပ်မတော်က ပစ်မှတ်ခွဲခြားခြင်းမရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေသေဆုံးတဲ့ အထောက်အထားတွေ ရထားတယ်လို့ ဒီအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်ဆင်ရေးတွေမှာ တပ်မတော်အနေနဲ့ အရပ်သားတွေ မထိခိုက်အောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“သောင်းကျန်းသူ စစ်ဆင်ရေး၊ အကြမ်းဖက်စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့နေရာမှာ လိုအပ်တဲ့အင်အား အသုံးပြုတာရှိပါတယ်၊ လိုအပ်တဲ့ လေကြောင်း တိုက်ခိုက်မှုများ ရှိပါတယ်၊ အဲဒီလိုမျိုး ဆောင်ရွက်တဲ့နေရာမှာ သောင်းကျန်းသူ အကြမ်းဖက်သမား၊ အရပ်သားပြည်သူ ခွဲခြားသိမြင် ဆောင်ရွက်လျှက်ရှိပါတယ်၊ ကျနော်တို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသလို့ တချို့နေရာတွေမှာတော့ အခက်အခဲရှိတယ်၊ AAအနေနဲ့က ရွာတွေကို အမှီပြု၊ ပြည်သူလူထုကို ကျနော်တို့ လူသားတံတိုင်းသဖွယ် အသုံးပြုပြီးတော့ တိုက်ခိုက်နေတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်၊ ဒီအခက်အခဲတွေတော့ ရှိပါတယ်”
AA အဖွဲ့က ရပ်ရွာတွေကို အခြေပြုပြီး မိုင်းဆွဲတိုက်ခိုက်တာ၊ ရွာတွေမှာနေထိုင်ပြီး ရွာတွေထဲက ပစ်ခတ်တာတွေရှိတာကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အရပ်သားထိခိုက်တာရှိနိုင်ပြီး တပ်မတော်အနေနဲ့ အတတ်နိုင်ဆုံး အရပ်သားတွေ မထိခိုက်အောင် ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အရပ်သားတွေသေဆုံးတာ၊ ဖမ်းဆီးတာတွေရှိလာတိုင်း တပ်မတော်အနေနဲ့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးနေပြီး AA အဖွဲ့နဲ့ ဆက်သွယ်တဲ့သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုပြီး မပတ်သက်တဲ့သူတွေကို ပြန်လွှတ်ပေးနေတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
AI အဖွဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၀ မေလနဲ့ ဇွန်လမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ အပါအဝင် စစ်ဆင်ရေးတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ရခိုင်နဲ့ ချင်း တိုင်းရင်းသား အယောက် ၂၀ ကျော်ကို အဝေးကနေ ဆက်သွယ်မေးမြန်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပလက်ဝဒေသ အပါအဝင် ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေဖြစ်နေတာကို သက်ဆိုင်သူတွေက တာဝန်ယူဖြေရှင်းပေးဖို့လိုကြောင်း တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေနဲ့ ထိခိုက်သေဆုံးမှုတွေကို စောင့်ကြည့်နေတဲ့ ချင်းလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ CHRO က ဆလိုင်းတေရက ပြောပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ ကျေးရွာတွေရဲ့ ဂြိုလ်တုဓာတ်ပုံအသစ်တွေကိုလည်း လေ့လာဆန်းစစ်မှုခဲ့ပြီး တပ်မတော်က ကျူးလွန်ချိုးဖောက်တာတွေကိုပြသတဲ့ ဗီဒီယို မှတ်တမ်းတွေကိုလည်း စစ်ဆေးအတည်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့ကရွာတွေကို မီးရှို့ဖျက်ဆီးတာတွေရှိခဲ့တာကိုလည်း AI အဖွဲ့က မှတ်တမ်း ပြုစုထားနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတွေကို ဂြိုလ်တုကရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ တပ်က အသုံးပြုတဲ့ နည်းဗျူဟာတွေအတိုင်း ကြီးမားတဲ့ မီးလောင်ကျွမ်းမှုတွေ ရှိခဲ့တာကို တွေရကြောင်းနဲ့ ဒီရွာတွေမီးရှို့တာကို တပ်မတော်နဲ့ AA တို့က အပြန်အလှန်စွပ်စွဲနေကြတယ်လို့ AI အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စောင့်ကြည်နေတာ ကောင်းတယ်လို့ ယူဆတယ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
“အတိအကျ မပြောနိုင်ပေမယ့် ကျေးရွာတွေကို မီးရှို့ခံရတာတွေ၊ အပစ်ခံရတာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ ဒါတွေကတော့ ရှိပါတယ်၊ ဒါပေမဲ့ သူ့အကြောင်းပြချက်နဲ့သူဆိုတော့ ကျနော်တို့ဘက်ကလည်း ဒီအပေါ်မှာ မှားတယ်၊ မှန်တယ်ဆိုတာ မပြောလိုပါဘူး၊ ဒီဖြစ်စဉ်တွေကို ကျနော်တို့ ရခိုင်တွေအနေနဲ့ကလည်း ပဋိပကက္ခဖြစ်ကတည်းက ခံစားလာရတယ်ဆိုတော့ ဒီအပေါ်မှာ စိုးရိမ်ပူပန်မှုရှိပါတယ်၊ နိုင်ငံတကာကလည်း ဒီလိုစောင့်ကြည်နေတယ်ဆိုတော့ ကောင်းတယ်လို့ မြင်ပါတယ်”
ရခိုင်ပြည်နယ်မှာ တပ်နဲ့ AA တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သိန်းကျော်ဟာ မြေဇာပင်အဖြစ်နဲ့ စစ်ဘေးဒုက္ခသည်ဖြစ်နေရပြီး ပဋိပက္ခဖြစ်တဲ့နေရာမှာ ဘယ်အဖွဲ့အစည်းက ကျူးလွန်တယ်ဆိုတာကို စောင့်ကြည်တဲ့သူတွေ ရှိတာကြောင့် ဒေသခံတွေကို ကျူးလွန်မှုတွေ နည်းသွားနိုင်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။
တပ်မတော်အနေနဲ့ AA ကို တိုက်နေမယ့်အစား ငြိမ်းချမ်းရေးစကားဝိုင်းမှာ စကားပြောဖို့ ရခိုင်အမျိုးသားပါတီအနေနဲ့ တောက်လျှောက်တိုက်တွန်းနေပေမယ့် ငြိမ်းချမ်းရေးမရဘဲ တိုက်ပွဲတွေပဲဖြစ်နေတယ်လို့ ဦးဖေသန်းက ဆိုပါတယ်။
AA လက်နက်ကိုင်အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ချိုးဖောက်မှုတွေကိုတော့ အစီခံစာပြုစုနေချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်ရှိနေတာ၊ စစ်ပွဲဖြစ်ပွားတဲ့ ဒေသတွေကို သွားရောက်ဖို့နဲ့ မျက်မြင်သက်သေတွေကို တွေဆုံမေးမြန်းဖို့ အကန့်အသတ် ရှိနေတာကြောင့် မှတ်တမ်းမပြုစုနိုင်ခဲ့ဘူးလို့ AI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်းအချက်အလက်တွေအရ AA အဖွဲ့အနေနဲ့လည်း အရင် AI အဖွဲ့ မှတ်တမ်းပြုစုခဲ့ဖူးတဲ့ ပုံစံအတိုင်း ဖိနှိပ်ချိုးဖောက်မှုတွေ ဆက်လက်ပြုလုပ်နေခဲ့တယ်လို့ ယူဆနိုင်ကြောင်းလည်း ရေးသားထားပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို အသက်အန္တရာယ်ရှိစေတာ၊ ခြိမ်းခြောက်တာ၊ လွတ်လပ်ခွင့်ကို ချုပ်နှောင်ကန့်သတ်တာနဲ့ ဖမ်းဆီးတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
AI ရဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းကြည့်တော့ ရက္ခိုင့်တပ်တော် AA အနေနဲ့ ချိုးဖောက်မှုမရှိဘူးလို့ အခိုင်အမာပြောလို့ရကြောင်း၊ တကယ်လို့ တစ်စုံတစ်ယောက်ကနေ ချိုးဖောက်မှုတွေရှိတယ်လို့ ပြောလာရင်လည်း AA ဘက်က လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ အရေးယူတာတွေလုပ်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတာ၊ တရားစွဲဆိုခံရတာတွေနဲ့ ပျောက်ဆုံးနေသူတွေ တဖြည်းဖြည်း များလာနေသလို တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား အရေအတွက်လည်း တဖြည်းဖြည်း တိုးလာနေပါတယ်။
RFA က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇွန်လ ၂၉ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၆၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၇၆ ဦးအထိ ရှိနေပါတယ်။