ဂူတာပြင်ဖြစ်စဉ်ကို စစ်တရားရုံးနဲ့ စစ်ဆေးရာမှာ အရာရှိကြီးတစ်ဦးအပါအဝင် ၃ ဦးကို သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ချက်တွေကို အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဇွန် ၃၀ ရက်မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနဲ့ အခြားအဆင့် စစ်သည်တစ်ဦးတို့ကို သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်တာတွေ အတည်ပြုထားပြီဖြစ်တယ်လို့ ပါရှိပါတယ်။
ဒီဖြစ်စဉ်ကို စစ်တရားရုံးကနေ သက်သေစုံလင်စွာနဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး၂၀၂၀ ဧပြီ ၃၀ ရက်မှာ စစ်ဆေးပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အခုထုတ်ပြန်ချက်မှာ ပြစ်ဒဏ်တွေဘယ်လောက်ချမှတ်တယ်ဆိုတာနဲ့ အရေးယူခံရတဲ့ အရာရှိအပါအဝင် ၃ ဦးဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာတော့ မပါရှိသေးပါဘူး။
စစ်ဆေးစီရင်မှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင်ရဲ့ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်သွားမယ်လို့တော့ ထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။
ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာမှာ လူသေအလောင်းအများအပြားတွေ့ရှိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့က စလို့ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အေပီသတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လ အတွင်း၊ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင် အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေ ရှိတယ်လို့ ပါဝင်ပါတယ်။
ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အေပီသတင်းဌာနကဖော်ပြခဲ့တဲ့ထဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြတဲ့ ဂူတာပြင် ရုပ်အလောင်းတွေဟာ ဖျောက်ဖျက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ရခိုင်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ အလောင်း ၁ဝ လောင်းတွေ့ ရှိခဲ့တဲ့အပေါ် အစိုးရ စစ်သားတွေ ပါဝင်ပတ်သက်မှု ရှိကြောင်း တပ်မတော်ဘက်က ပထမဆုံး အကြိမ် အသိအမှတ်ပြု ပြောဆိုခဲ့သလို ကျူးလွန်သူတွေကို အရေးယူတာတွေလည်းရှိခဲ့ပါတယ်။
ဒါ့အပြင် မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာက ဖြစ်စဉ်တွေကိုလည်း စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲထပ်မံသိရှိရတာရှိရင် ဘီဘီစီက ထပ်မံတင်ပြပေးပါမယ်။
BBC Burmese