ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘက်ပိုင်း အပေါက်ဝကျေးရွာမှာ ဇွန် ၈ ရက် မနေ့ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အသက် ၃၄ နှစ်အရွယ် ရွာသား ဦးမောင်လှကျော် ဆိုသူ ကျည်ထိမှန်ခဲ့ပါတယ်။ ကျေးရွာတိုက်နယ်ဆေးရုံကနေ အိမ်ပြန်လာရာမှာ အဲဒီစစ်ကြောင်းနဲ့ တိုးမိရာကနေ ပစ်ခတ်ခံရတာလို့ ကာယကံရှင်ဖြစ်တဲ့ ဦးမောင်လှကျော်က RFA ကိုပြောပါတယ်။
 
“ကျွန်တော်က ဆေးရုံမှာလူနာကြည့်ရင်းနဲ့အပြန်မှာ အဲဒီစစ်ကြောင်းက ရွာထဲကနေ ဖြတ်ဝင်လာ တာ။ အဲဒီအချိန်မှာ သူတို့ကလှမ်းပစ်သွားတာ။ သူတို့က ဒေသခံတွေကို သံသယစိတ်တွေနဲ့ပဲကြည့်နေကြတာ။ ဒါပေမဲ့ ကျွန်တော်ကတော့ သာမန်ပြည်သူလူထုတစ်ယောက်ပါ”
ဒဏ်ရာရသွားတဲ့ ဦးမောင်လှကျော်ဟာ အပေါက်ဝတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
 
မနေ့က အဲဒီတပ်မတော်စစ်ကြောင်းဟာ ရွာထဲက ပြန်အထွက်မှာ ရွာသား ငါးဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး နှစ်နာရီလောက်အကြာမှာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ကျေးရွာသားတွေက ပြောပါတယ်။
အရပ်သားနှစ်ဦး ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ မနေ့က အဲဒီနေရာဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တပ်မတော်အနေနဲ့ အကြောင်းမဲ့ ပစ်ခတ်စရာလည်း အကြောင်းမရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။
အလားတူပဲ မနေ့ည ၁၁ နာရီအချိန်လောက်မှာ အပေါက်ဝကျေးရွာမှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် မွတ်စလင် တစ်ဦး ဖြစ်သူ ဦးဇီခဲရာမောက်ဟာ အဖော်တစ်ဦးနဲ့အတူ မြစ်ထဲ ပိုက်ချနေစဉ်မှာ ပစ်ခတ်ခံရလို့ သေနတ်ဒဏ်ရာ သုံးချက်ရသွားတယ်လို့ ဦးဇီခဲရာမောက်ရဲ့ အစ်ကို ဦးဟာဘီဆာမောက်က RFA ကိုပြောပါတယ်။
“ပိုက်ချနေတုန်း သူတို့က ကုန်ပေါ်ကနေလှမ်းပစ်လိုက်တာပါ။ ကျည်က ခေါင်းမှာတစ်ချက်၊ ပခုံးမှာတစ်ချက်၊ ခြေထောက်မှာတစ်ချက် ထိသွားပါတယ်။ ကျည်က အထဲမှာရှိပါသေးတယ်။ သူ့အခြေအနေကတော့ သိပ်မကောင်းပါ။ မနေ့က ပစ်ခတ်ခံရချိန်မှာ လှေလည်းပေါက်ပြီး သူတို့နှစ်ဦးလုံး မြစ်ထဲကျသွားပါတယ်။ အဲဒီလှေနဲ့အတူမျောပါပြီးတော့ ရေလယ်ကျွန်းနားကို ရောက်သွားပါတယ်။ ကျွန်တော့ညီက ကျည်ဒဏ်ရာနဲ့ သတိမရ ဖြစ်နေလို့ နောက်တစ်ယောက်က လှေပေါ်ဆွဲတင်ပြီး လှေကိုဖြည်းဖြည်းဆွဲယူလာတာ”
တပ်မတော်စစ်ကြောင်းဟာ ကာဒီကျေးရွာအနီးမှာ စခန်းချနေတာလို့ဆိုပါတယ်။
 
မနေ့က လှေကိုပစ်ခတ်ခဲ့တဲ့နေရာအနီးမှာ တပ်မတော်သားတွေကို ဒီနေ့မနက် ၈ နာရီအချိန်လောက်အထိ မြင်တွေ့နေရဆဲဖြစ်တယ်လို့ ဦးဟာဘီဆာမောက်ကပြောပါတယ်။
ဒဏ်ရာရသွားတဲ့ ဦးဇီခဲရာမောက်ရဲ့ ညီဖြစ်သူ မာမောက်အီဒေက မနေ့ကဖြစ်စဉ်မှာ သူ့အစ်ကိုက အရပ်သား ဖြစ်တဲ့အကြောင်း တပ်မတော်စစ်ကြောင်းရှိရာဘက်ကို လှမ်းအော်ခဲ့ပေမယ့် ဆက်လက်ပစ်ခတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
 
“ဒီမှာ နှစ်ရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ်စီ တပ်မတော်ရေယာဉ်တွေ လာလေ့ရှိပါတယ်။ နေဗီတွေ လာတယ် လို့ သတင်းကြားတာနဲ့ ပိုက်ချဖို့ မြစ်ထဲမဆင်းကြတော့ဘူး။ အရင်တုန်းက ရေတပ်ကနေပစ်လို့ လူတွေကို ထိမှန်သွားတာတွေရှိတယ်။ ပိုက်သည်ရပ်၊ အင်ဘာရီ၊ ဂုပ္ပီထောင့် အဲဒီရွာတွေမှာ လူတွေထိသွားတာတွေ ရှိတယ်။ အခုက ရေတပ်တွေမလာလို့ ကျွန်တော့်အစ်ကိုက ပိုက်ချဖို့ ထွက်သွားတာ။ အပစ်ခံရတဲ့ ကျွန်တော့် အစ်ကို ကိုယ်တိုင်က သူ့ကိုစစ်သားတွေ ပစ်လိုက်တာလို့ပြောပြတယ်။ ကာဒီနဲ့ တောပန်ဇင်းရွာကြားမှာ စစ်သားတွေရှိတယ်။ ပစ်တဲ့အချိန်မှာ သူကိုယ်တိုင်မြင်တယ်။ ကျွန်တော့် အစ်ကိုက ပိုက်ချဖို့လာတာလို့ အော်ပြောတော့ ပစ်တာ တစ်မိနစ်လောက်ရပ်သွားပြီး ထပ်ပစ်တာလို့ပြောပြတယ်”
ဒဏ်ရာရသွားတဲ့ ဦးဇီခဲရာမောက်ကို အပေါက်ဝတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ မနေ့က ဒဏ်ရာရလာချိန်မှာ စကားအနည်းငယ် ပြောနိုင်ပေမယ့် အခုတော့ စကားမပြောနိုင်တော့ဘူးလို့ မိသားစုကပြောပါတယ်။
 
ရခိုင်မြောက်ပိုင်းက သေဆုံးဒဏ်ရာရတဲ့ အရပ်သားတွေထဲမှာ အေအေအဖွဲ့နဲ့ ဆက်နွယ်ပြီး သံသယနဲ့ ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေလည်း ပါဝင်နေတာပါ။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ အခုနှစ် ဇွန်လ ၂ ရက်နေ့အထိ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၆၀ နဲ့ သေဆုံးသူဦးရေ ၂၅၇ ဦးရှိပါတယ်။
ကျောက်တော်မြို့နယ်မှာ မနေ့က ဒဏ်ရာရသူ ၂ ဦးရှိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ ၅၆၂ ဦးအထိ ထပ်တိုးလာတာ ဖြစ်ပါတယ်။