တပ်မတော်နဲ့ အေအေအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်တဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ရခိုင်ပြည်နယ်မြောက် ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတဲ့ အရပ်သားအရေအတွက်ဟာ ရပ်တန့် မသွားဘဲ တနေ့ထက်တနေ့တိုးလာပါတယ်။
အရပ်သားထိခိုက်သေဆုံးမှု တိုးလာတဲ့အပေါ် နှစ်ဖက်အပြန်အလှန်စွပ်စွဲနေပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ်မူတည်ပြီး RFA က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သေဆုံးတဲ့အရပ်သား ၂၅၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူဦးရေ ၅၆၀ အထိ ရှိလာတာပါ။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက အရပ်သားတွေ ထိခိုက်မှုအတွက် လက်နက်ကိုင် နှစ်ဖက်လုံးမှာ တာဝန်ရှိသလို အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ဝေဖန်ပါတယ်။
“ဒါက ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ ပြောလို့ရှိရင် တိုက်ပွဲဖြစ်ကြတဲ့ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်။ နောက် တစ်ချက်က ဘယ်သူ့မှာ နောက်ထပ်တာဝန်ရှိသေးလဲဆိုလို့ရှိရင် ဒီတိုက်ပွဲကို ငြိမ်းချမ်းရေးထဲကို မဆောင်ရွက် နိုင်သေးတဲ့ အစိုးရမှာလည်း တာဝန်ရှိတယ်။ မြန်မာနိုင်ငံမှာနေပြီးတော့ ငြိမ်းချမ်းရေးကဏ္ဍတွေကို ဦးစားပေး မဆောင်ရွက်ဘဲနဲ့နေပြီးတော့ ဒီလိုမျိုးသာ တိုက်နေကြမယ်ဆိုရင် တိုင်းရင်းသားတွေပဲ ထိခိုက်နစ်နာမယ် ပြည်သူလည်း ထိခိုက်နစ်နာမယ် နိုင်ငံလည်း ထိခိုက်နစ်နာမယ်။”
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA Myanmar က ရခိုင်နဲ့ ချင်းပြည်နယ်က ပဋိပက္ခ တွေကြောင့် အရပ်သားတွေ သေကျေထိခိုက်ဒဏ်ရာရကြသလို သူတို့တွေရဲ့ အိုးအိမ်တွေလည်း ပျက်စီးဆုံးရှုံးရာမှာ မေလ တစ်လတည်းမှာပဲ လူနေအိမ်ခြေ ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြကြောင်း ထုတ်ပြန်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအရ အရပ်သားတွေနဲ့ သူတို့ရဲ့အိုးအိမ်ပိုင်ဆိုင်မှု တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတာ ပဋိပက္ခမှာ ပါဝင်ကြသူတွေအားလုံး သတိချပ်ရပါမယ် လို့လည်း ဖော်ပြထားပါတယ်။
အရပ်သားပစ်မှတ်တွေကို ရှောင်ကြဉ်ဖို့၊ အရပ်ဘက်ပစ်မှတ်တွေနဲ့ နီးတဲ့နေရာတွေမှာ တိုက်ပွဲတွေ မဖြစ်ကြဖို့ နိုင်ငံတကာအဖွဲ့တွေက တောင်းဆိုထားတာနဲ့ ပတ်သက်လို့ အစိုးရက တပ်မတော်ကို ဘယ်လိုညွှန်ကြားထားပါ သလဲလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို အင်တာနက် အွန်လိုင်းကတဆင့် ဆက်သွယ် မေးမြန်းထား ပေမယ့် ဒီနေ့ ဇွန် ၄ ရက် ညနေပိုင်းအချိန်အထိ ဖြေကြားတာမရှိသေးပါဘူး။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက အရပ်သားထိခိုက်သေဆုံးမူကို တိတိကျကျ မကောက်နိုင်သေးဘူး။ အရပ်သားဆိုတဲ့သူတွေက တိုက်ပွဲမှာ တကယ်ထိခိုက်ဒဏ်ရာရတာလား၊ တခြားထိခိုက်ဒဏ်ရာရတယ်ဆိုတာကို တိတိကျကျ မကောက်ယူနိုင်သေးဘူးလို့ ပြောပါတယ်။ အေအေဘက်က အရပ်သားပုံစံနဲ့ အရပ်သားလိုလို ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် RFA က ရထားတဲ့ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရ စာရင်းတွေကို အတည်ပြုဖို့ ရာခိုင်နှုန်း နည်းမယ်ထင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တပ်မတော်ဘက်က စစ်သည်၊ လုံခြုံရေးဝန်ထမ်း ထိခိုက်သေဆုံးရမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ဖို့ မရှိကြောင်း၊ အဲဒီလို မထုတ်ပြန်ရတာက သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုအပေါ်မှာ လျစ်လျူရှုတာမဟုတ်ဘဲ လုံခြုံရေးအရ ကန့်သတ်ချက်တွေရှိလို့ဖြစ်ကြောင်း RFA ကို ဖြေကြားပါတယ်။
AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ စစ်ပွဲအတွင်းမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ သေကျေပျက်စီးရတဲ့ အကြောင်းရင်းက တပ်မတော်ဟာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေအပြင် လေကြောင်းကပါ ပစ်ခတ်တာကြောင့် ဖြစ်တယ်လို့ စွပ်စွဲပါတယ်။
အေအေ ဘက်ကတော့ လေကြောင်းကနေ ပစ်ခတ်တာမရှိသလို လက်နက်ကြီးနဲ့ ရွာတွေကို ပစ်တာတွေ၊ ရွာထိပ်ကနေ ရွာထဲကို ပစ်တာတွေမရှိဘူး လို့လည်း ငြင်းဆိုပါတယ်။
ဗိုလ်ချုပ် ထွန်းထွန်းညီကတော့ တိုက်ပွဲနေရာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ရွေးချယ်ခွင့်မရှိဘူး၊ အေအေက နေရာမရှောင် တမင်ဖန်ပြီးလုပ်တာတွေရှိတယ်။ မြို့ပေါ်မှာလည်း ပလက်၀ လို နေရာမျိုးတွေ၊ ကျောက်တော်လို နေရာမျိုးတွေမှာ အေအေအဖွဲ့ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ပြီး တိုက်ခိုက်ရတဲ့ အခြေအနေမျိုးတွေရှိကြောင်း၊ စစ် စည်းကမ်း ဥပဒေနဲ့ ပတ်သက်ရင် တပ်မတော်သားတွေကို အတိအကျလိုက်နာဖို့ ညွှန်ကြားထားပြီး ကိုယ့်ကို ပစ်တဲ့နေရာကို ပြန်ပြီး မဖြစ်မနေ တန်ပြန်ပစ်ခတ်ရတာမျိုးကလွဲရင် တမင်တကာ ရည်ရွယ်ချက်နဲ့ အရပ်ဖက် ပစ်မှတ်တွေကို မပစ်ခတ်ဘူးဆိုတာ ပြောနိုင်ပါတယ်လို့ တုံ့ပြန်ပါတယ်။
ရခိုင်ဒေသက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပေါ် ဘယ်သူတွေက ကျူးလွန်တယ်ဆိုတာ နစ်နာသူတွေ၊ မျက်မြင်တွေက ထုတ်ဖော်ပြောဆိုဖို့ စိုးရိမ်မှုတွေ၊ ခြိမ်းခြောက်ခံရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“တပ်မတော်ဘက်က လုပ်တာတွေ ရှိကောင်းရှိနိုင်တယ်။ လက်နက်ကိုင်ဘက်က အခြေအနေပေါ်မှာ မူတည် ပြီးလုပ်တာ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဘယ်သူက အများဆုံး လုပ်တယ်ဆိုတာက အားလုံးအမြင်သဘော အရဆိုရင်တော့ အင်အားကြီးတဲ့သူနဲ့ အင်အားသေးတဲ့သူရဲ့ အပေါ်မှာ ခွဲခြားမှုတော့ အားလုံးတော့ မြင်နိုင် တယ်လို့ ကျတော်တော့ သုံးသပ်ပါတယ်။ အခက်အခဲတွေရှိနေတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ နောက်ကွယ်မှာ ခြိမ်းခြောက်မှုတွေက အများကြီးရှိနေတဲ့အတွက် လူထုတွေက အမှန်အတိုင်းကို သိချင်တယ်။ သိတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ဒါကို ထုတ်ဖော်ပြောဆိုဖို့အတွက် အင်မတန်မှ စိုးရိမ်မှုတွေက အများကြီး ရှိနေတဲ့အတွက် ဒါတွေကို ကျနော်တို့ လူထုအနေနဲ့ ထုတ်ဖော်ဖို့ဆိုတဲ့ အခြေအနေ လုံး၀မပေးတယ် ဆိုတဲ့သဘောကို ပြောတာပါ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကတော့ ပါတီကို ကိုယ်စားမပြုဘဲ သူတစ်ဦးထဲရဲ့ သဘောထားကို ပြောရရင် ပြည်သူလူထု မျက်နှာကိုထောက်ပြီး နှစ်ဖက်လုံး အပစ်ရပ်ကြဖို့ လိုတယ်လို့ ပြောပါတယ်။
“အားလုံးက တကယ်ကို ကိုယ့်အသိနဲ့ကိုယ် ရပ်ကြဖို့လိုတယ်။ အဲဒါမှ ဖြစ်မှာ။ ဘာလို့လည်းဆိုတော့ လူတွေက နာလှပြီ။ ရခိုင်ကလည်း ရခိုင်ပြည်သူလူထု နာလှပြီ။ ဒီဘက်မှာရှိတဲ့ ချင်းလည်း ချင်းပြည်သူ လူထုကလည်း နာလှပြီ။ အဲဒါကို သူပစ်လို့ ကိုယ်ကပစ်တယ်၊ ကိုယ်ကပစ်လို့ သူက ပစ်တယ် ဆိုတာမျိုး လွှဲချနေတာကတော့ မဖြစ်ဘူး။ ဒီဟာကတော့၊ နှစ်ဖက်စလုံးက ရပ်ကြည့်ပါ။ တကယ့်ကို သေသေချာချာ လက်တွေ့ကျကျ ရပ်ကြည့်ကြပါ။ အဲဒါမှ ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မိတ်ဖက်အဖွဲ့တွေကလည်း ပြီခဲ့တဲ့ မေလက အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အရေအတွက် များလာတဲ့အပေါ် စိုးရိမ်ကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
UNA ခေါင်းဆာင်တစ်ဦးလည်းဖြစ် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဦးစိုင်းညွန့်လွင်က ရခိုင်တိုက်ပွဲက တခြားနေရာတွေနဲ့မတူဘဲ ပိုပြီးပြင်းထန်တယ်၊ အရပ်သားတွေ ထိခိုက်မှု ပိုများတယ်လို့ ပြောပါတယ်။
“ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကတော့ နည်းနည်းခက်တယ်ဗျ။ တခြားတိုက်ပွဲတွေနဲ့ မတူဘူးဗျ။ နည်းနည်း ပြင်းထန်တယ်လို့ ပြောရမှာပေါ့ နှစ်ဖက်စလုံး ကျတော်တို့လည်း အရိုးသားဆုံးဝန်ခံရရင် နည်းလမ်းကို မရှိဘူးဖြစ်နေတယ်၊ မတွေ့ဘူးပေါ့နော်။ မရှိဘူးဆိုတာထက်၊ မရှိဘူးပြောရင် မှားပါလိမ့်မယ်။ မတွေ့ဘူး ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အရမ်းဝင်လို့လည်း မဖြစ်ဘူးဗျ။ အရမ်းဝင်လိုက်တဲ့အခါ ကျတော့လည်း တဖက်မဟုတ် တဖက်က ပြဿနာရှာတယ်။ ခင်ဗျားတို့ သတင်းထောက်တွေ အရင်တုန်းက ခိုင်သုခနဲ့ ဖုန်းပြောတာတောင်မှ ပြဿနာရှိသေးတာပဲ။ ကျနော်တို့လည်း ပိုပြီး သတိထားရတာပေါ့ဗျာ။”
တိုက်ပွဲတွေက လာမယ့် ရွေးကောက်ပွဲအပေါ် ထိခိုက်လာမှာကို သူက စိုးရိမ်နေပြီး ရွေးကောက်ပွဲ မတိုင်ခင် နှစ်ဖက်လုံး အပစ်ရပ်လိုက်ဖို့ အကြံပြုပါတယ်။
AA အဖွဲ့ရဲ့ သုံးလကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ NLD ပါတီက ချင်းအမတ် ဦးဝှေ့တင်းက ရွေးကောက်ပွဲ နီးလာပြီ ဖြစ်လို့ ဒေသခံတွေက တိုက်ပွဲရပ်ပေးဖို့ တစာစာ တောင်းဆိုနေပေမယ့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေရဲ့ စကားကို အလေးမထားတာ တွေ့ရတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ အစိုးရ တပ်မတော်နဲ့ အေအေ ပါဝင်တဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးဖို့က အလားအလာနည်းပါးနေပြီး ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အပြင် အရပ်သားတွေ ထိခိုက်မူနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ပိုများလာ နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။