ကျော်လွင်ဦး၊ နေမျိုးထွန်း
■ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မတီအဖွဲ့ဝင်တွေဟာ စတင်စစ်ဆေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဟာ မေလ ၁၃ ရက် မနေ့က ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကော်မတီအဖွဲ့ဝင်တွေ ရခိုင်ပြည်နယ်ကို ရောက်လာတာကြောင့် စုံစမ်းမှုတွေ စတင်ပြီးလို့ ပြောလို့ရကြောင်းနဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လိုအပ်ရင် ပူးပေါင်းပါဝင်ဖို့ ပြောဖြစ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
“လက်ရှိရခိုင်ပြည်နယ်ထဲကို ရောက်နေပြီလေ သူတို့အလုပ်က စပြီလို့ ပြောလို့ရတယ်။ မနေ့က အစိုးရအဖွဲ့နဲ့ တွေ့ရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌကို လာပြီးတွေ့ဆုံတာရှိတယ်။ မြေပြင်က တွေ့သင့်တဲ့သူတွေနဲ့ တွေ့ဖို့ လွှတ် တော်ဥက္ကဋ္ဌက သူတို့ကို အကြံပေးလိုက်ပါတယ်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကတော့ သူတို့သိချင် တာရှိရင် ပြောဖို့အဆင်သင့်ပါပဲ”
စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်သူရိန်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ်ဖြေကြားဖို့ အဆင်မပြေသေးတာကြောင့် နောက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောပါတယ်။
ကော်မတီအနေနဲ့ တွေ့ဆုံစစ်ဆေးမယ့် အောက်ခြေက မျက်မြင်သက်သေတွေရဲ့ နောက်ကွယ်က အန္တရာယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။
“သိရသလောက် တွေ့မယ့်သူတွေက သူတို့ကို ကြောက်နေတယ်ဗျ။ သူတို့က အကာအကွယ်ပေးဖို့ လိုပါတယ်။ ဥပမာ တပ်မတော်ကပဲဖြစ်ဖြစ် AA ကပဲဖြစ်ဖြစ် ပစ်တာခတ်တာတွေ နှစ်ဦးနှစ်ဖက်ရှိတယ်။ ဘယ်သူကို ဘယ်သူက ပစ်ပါတယ်လို့ ပြောရခက်ပါတယ်။ ဒါပေမဲ့ မျက်မြင်သက်သေတွေကတော့ရှိပါတယ်။ အဲဒီလူတွေရဲ့ တွေ့ဆုံပြော ကြားမှုအတွက် နောက်ကွယ်ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေက ကာကွယ်ပေးဖို့လိုပါတယ်။”
အောက်ခြေက လက်တွေ့ကျတဲ့သူတွေကို စစ်ဆေးဖို့လိုအပ်သလို စစ်ဆေးပြီးရင်လည်း အကောင်အထည်ဖော်ဖို့နဲ့ အဖြေမှန်ပေါ်အောင်လုပ်ဖို့လိုကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကတော့ အေအေရဲ့ပစ်ခတ်မှုကြောင့် နိုင်ငံတကာဝန်ထမ်း တစ်ဦး သေဆုံးခဲ့တာမို့ နိုင်ငံတကာက ကျေနပ်အောင် စုံစမ်းစစ်ဆေးပေးရတာဖြစ်ကြောင်းနဲ့ အေအေ ပစ်ခတ်တဲ့ လုပ်ရပ်မှန်းရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းပေးရတာဖြစ်တယ်လို့ မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတယ်။
ဒီပြောကြားချက်က ဒီကော်မတီရဲ့ ရပ်တည်ချက်ကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားနိုင်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။
“သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက AA ဘက်က ကျူးလွန်ပါတယ်ဆိုပြီး စွပ်စွဲထားတယ်။ နိုင်ငံတကာဖိအားကြောင့် ဒါတွေဖွဲ့ပြီးတော့ လုပ်ဆောင်တယ်ဆိုတဲ့ ပြောကြားချက်က ဒီကော်မတီရဲ့ရပ်တည်ချက်ကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားနိုင်ပါတယ်။ နောက်တစ်ခုက AA ကျူးလွန်ပါတယ်ဆိုပြီး ဒါကို သက်သေအထောက် အထားပြဖို့အတွက်ပဲ ဦးတည်သလို ဖြစ်ပြီးတော့ ဖြစ်နိုင်လောက်တဲ့ မြေပြင်အခြေအနေအပေါ်မူတည်ပြီး ဘယ်သူတာဝန်ရှိလဲဆိုတာ စုံစမ်းစစ်ဆေးဖို့အတွက် ကန့်သတ်မှုဖြစ်သွားနိုင်တာ ဒါက ပထမဆုံးအားနည်း ချက်ဖြစ်ပါတယ်။”
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ကော်မတီတစ်ရပ်နဲ့ စုံစမ်းစစ်ဆေးဖို့ ပြည်တွင်းက လူမှုအဖွဲ့ အစည်းပေါင်း ၂၉၀ က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။
တောင်းဆိုတဲ့အထဲမှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော် ထွန်းကတော့ ကော်မတီအနေနဲ့ ဒီကိစ္စမှာပါဝင်ပတ်သက်နေတဲ့ နှစ်ဖက်တပ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ အခွင့်အရေး ရှိမရှိမသိရသလို အဲဒီအခွင့်အရေးမရှိရင်တော့ ဘာမှထူးလာမယ့်အခြေအနေမရှိဘူးလို့ ပြောပါတယ်။
“သူတို့အနေနဲ့ အောက်ခြေကိုဆင်းပြီးမှ ဖြစ်ပျက်ခဲ့တဲ့နေရာက သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေ အနီးအနား မှာ ရှိတဲ့သူတွေကို သွားတွေ့ပြီး တိတိကျကျဖော်ထုတ်နိုင်မယ့် အခြေအနေရှိမှရမယ်။ ဒီလို လွှတ်တော်တွေနဲ့ တွေ့လိုက် အစိုးရနဲ့တွေ့လိုက် ဒါမျိုးတွေကတော့ အပေါ်ယံလုပ်နေတာလို့ ကျွန်တော်တို့ သုံးသပ်တယ်။ ပါဝင်တဲ့နှစ်ဖက်တပ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေမျိုးရှိသလား။ သူတို့မှာ အဲဒီလို အခွင့်အရေးရှိသလား ဒါမျိုးမပါရင်တော့ ဘာမှ ထူးလာမယ့် အခြေအနေမရှိဘူးလို့ထင်တယ်။”
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကားကို ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို AA အဖွဲ့က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း၊ အမှုမှန်ပေါ်ပေါက်စေချင်ရင် နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ လုပ်မှဖြစ်မှာဖြစ်ကြောင်းနဲ့ ဒီလိုအဖွဲ့မျိုးက စုံစမ်းတဲ့စစ်ဆေးတာမျိုးကိုပဲ ရခိုင့်တပ်တော် AA ဘက်က ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က မေလ ၁ ရက်နေ့က RFA ကို ပြောကြား ထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ သမ္မတဖွဲ့ပေး ထားတဲ့ကော်မတီဖြစ်လို့ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး ကော်မတီရဲ့ ကွင်းဆင်းလုပ်ဆောင်ချက်တွေကို ကူညီပေးသွားမှာဖြစ်လို စစ်ဆေးတွေ့ရှိချက်ရလဒ်တွေကလည်း သမာသမတ်ကျတဲ့ရလဒ် ထွက်ပေါ်လာလိမ့်မယ် RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ တို့ဖတ် နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ဝန်ထမ်းဦးပြည့်စုံဝင်းမောင်နဲ့ အစိုးရကျန်းမာရေး ဝန်ထမ်း ဦးအောင်မျိုးဦး တို့ မော်တော်ကားနဲ့ ရန်ကုန်ကိုသွားရာမှာ မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံခဲ့ရတာပါ။
WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ကတော့ အဲဒီနေ့ညမှာပဲ ဒဏ်ရာတွေနဲ့ မင်းပြားဆေးရုံမှာ ကွယ်လွန်သွားပြီး ကျန်းမာရေးဝန်ထမ်း ဦးအောင်မျိုးဦးကတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။
WHO ဝန်ထမ်းသေဆုံးရတဲ့ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စုံစမ်းမှုတွေလုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကအစိုးရကို တိုက်တွန်းထားပါတယ်။
ဧပြီလ ၂၈ ရက်နေ့ နိုင်ငံတော်သမ္မတရုံးကဖွဲ့စည်းခဲ့တဲ့ ဒီကော်မတီမှာ ပြည်သူ့လွှတ်တော် နိုင်ငံသားများရဲ့ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး နိုင်ငံတော်သမ္မတရုံးရဲ့ တွဲဘက်တာဝန်ကိုယူထားတဲ့ ဗိုလ်မှူးကြီး ထိန်လင်းကတော့ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။
အဖွဲ့ဝင်တွေကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်နဲ့ ကုလသမဂ္ဂ အကြီးတန်းအကြံပေး အငြိမ်းစား ဒေါက်တာစုစုသာထွန်းတို့ ဖြစ်ပါတယ်။