ဇန်နဝါရီလ ၃၀ ရက် ၂၀၂၀ခုနှစ်
ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု ကွမ်စလန်းရွာနေ သားအမိဖြစ်သူ ဒေါ်နွယ်နှင့် လွေးရှီလာဝ် တို့ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သဖြင့် လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။
မိုင်းစထိသော ဒေါ်နွယ်ပြောပြချက်အရ “ ကျမတို့ သားအမိက ရွာနားမှာရှိတဲ့ လက်ဖက်ခြံထဲမှာ နေကြတယ် သုံးဖို့ ထင်းကောက်နေ့တဲ့အချိန်မှာပဲ မိုင်းပေါက်ကွဲတာ သမီးကဒဏ်ရာ ပိုပြင်းတယ် ဘုန်းဘုန်းတို့ ချက်ချင်းမရောက်လာရင် သမီးလေးအသက်တောင် ဆုံးနိုင်တယ်”ဟု ပြောသည်။
အသက်(၄၉)နှစ်ရှိ ဒေါ်နွယ်သည် ညာဘက် ခြေတစ်လုံးနှင့်ပေါင်တွင် ဒဏ်ရာရရှိပြီး အသက် (၁၃)နှစ်ရှိ လွေးရှီလာဝ်မှာ ညာဘက် ခြေချင်းဝတ်နှင့် ညာဘက်နံရိုးတွင် ဒဏ်ရာပြင်းထန်သဖြင့် လားရှိုးဆေးရုံတွင် ခွဲစိတ်ကုသမှုနေသည်။
မိုင်းထိသော လူနာသားအမိကို ကျောက်မဲအိုမ်တမာဝ် လူမှုကူညီရေးအသင်း၏ အကူအညီဖြင့် ကျောက်မဲဆေးရုံတွင် ဆေးဝင်ထည့်ပြီး ထိုမှတဆင့် လားရှိုးဆေးရုံသို့ လွဲပြောင်းကုသနေသည်။
ထို့အပြင် ကျောက်မဲမြို့နယ် ကျောက်ဖြူကျေးရွာနေ အသက် (၃၀) နှစ်ရှိ မိုင်းအိုက်လင်းသည်လည်း ၂၈ ရက်နေ့တွင် မိုင်းနင်းမိကာ ကျောက်မဲဆေးရုံတွင် တစ်ရက် ကုသပြီး ဒဏ်ရာပြင်းထန်သဖြင့် လားရှိုးဆေးရုံသို့ လွဲပြောင်းကုသနေသည်။