ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။

အဲဒီစာရင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထိ ကောက်ယူထားတာဖြစ်ပါတယ်။

အဲဒီထဲမှာ မိုင်းနဲ့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးဖြစ်ပြီး စစ်ကြောရေးတွေ၊ နှစ်ဖက်တိုက်ပွဲအတွင်း တခြားဖြစ်စဉ်တွေနဲ့ သေဆုံး၊ ဒဏ်ရာရတာတွေ အကုန်လုံးပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစာရင်းတွေဟာ မီဒီယာတွေ၊ တခြားအဖွဲ့အစည်းတွေတင်ပြချက်ကို ကောက်ယူထား တာမျိုး မဟုတ်ဘဲ REC ရဲ့ မြေပြင်ကွင်းဆင်း အဖွဲ့တွေရဲ့ ကောက်ယူထားချက်တွေကိုသာ အတည်ပြုကောက်ယူထားတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို မဖြစ်အောင် စောင့်စည်းကြဖို့ လက်နက်ကိုင်တွေကို မေတ္တာရပ် ခံထားသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိုလည်း စာရင်းကောက်ယူပြီး သမ္မတအပါအဝင် နိုင်ငံတော်အကြီးအကဲတွေနဲ့ လူ့ အခွင့်အခွင့်ကော်မရှင်တွေကို တင်ပြထားပေမဲ့ လက်ရှိမှာတော့ ဘာမှထူးခြားလာတာတွေ မရှိသေးပါဘူး။

ဒီကိစ္စရပ်တွေကို အစိုးရကသာ အရေးယူ အကောင်ထည်ဖော်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး မဆောင်ရွက်နိုင်ရင် အစိုးရရဲ့ အပြစ်သာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

REC ရဲ့ စာရင်းတွေထဲမှာ မွတ်ဆလင်အသိုင်းအဝိုင်းက သေဆုံးမှု၊ ဒဏ်ရာရမှု မပါဝင်ပေမယ့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး ကောက်တဲ့ စာရင်းအရ မွတ်ဆလင်အသိုင်းဝိုင်းက သေဆုံးမှုအပါအဝင် တိုက်ပွဲအတွင်း သေဆုံးသူ ၇၂ ဦးရှိပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တိုက်ပွဲတွေ ကြားထဲမှာ တပ်က မတော်ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေတော့ ရှိနိုင်သလို အေအေဖက်က ပစ်ခတ်လို့သေဆုံးတာတွေရှိတယ်လို့ပြောပါတယ်။ 

ဒါပေမယ့် အေအေကတော့  တိုက်ပွဲကာလမှာ ရက္ခိုင့်တပ်တော်က ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတာ တဦးမှ မရှိသေးဘူးလို့ ပြောပါတယ်။

ဝဏ္ဏခွာညို

DVB News