အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နိုင်ငံတကာစစ်ခုံရုံးကိုရောက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်တာမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ရုံမက အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေကိုလည်း ထိပါး စော်ကားရာရောက်ပြီး ဒီလုပ်ရပ်ကို လုံးဝ ကန့်ကွက်ရှုတ်ချတယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ကိုးကန့်၊ တအာင်းနဲ့ ရခိုင်မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်အကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေရာမှာ သြဂုတ် ၃၁ ရက်က ကွတ်ခိုင်မြို့နဲ့ မြို့ဝန်းကျင်မှာ တိုက်ခိုက်တာတွေရှိခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မော်ဟစ်ရွာမှာ ရွာသား ၅ ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၄ လအရွယ်၊ ၉ နှစ်အရွယ်နဲ့ ၁၄ နှစ်အရွယ်ကလေးတို့ ပါဝင်ပြီး ၃ ယောက်က ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ် ၁၇ ရက်က လားရှိုးလူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ ၁၈ ရက်က လားရှိုးမြို့နယ် ကုန်းဆာရွာသားတယောက်၊ ၂၆ ရက်က ပန်ဆေးရွာသားတယောက်တို့ လက်နက်ထိမှန်ပေါက်ကွဲလို့ သေဆုံးခဲ့ပါသေးတယ်။

နှစ်ဖက်တပ်တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးထားတဲ့ မြန်မာ့ဥပဒေ၊ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပေးဖို့လည်း အဖွဲ့အစည်း ၃၀ လောက်ပူးပေါင်းထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။

DVB News