ရခိုင့်တပ်မတော်(AA) တပ်ဖွဲ့ဝင် သံသယဖြင့် တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် ယမန်နေ့က သေဆုံးသွားသည့် မြောက်ဦးဒေသခံ ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းကို မိသားစုက စစ်တွေဆေးရုံမှ နေရပ်သို့ ယနေ့ ပြန်လည် သယ်ဆောင်သွားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ရွှေထွန်းဖြူရွှာသား ကိုဇော်ဝင်းလှိုင် (၂၈နှစ်) သည် ပြီးခဲ့သည့်လ ၂၀ ရက်နေ့က ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ယခု သေဆုံးမှုသည် စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ဖြစ်သည်ဟု သူ၏အစ်ကို ဦးဝင်းနိုင်က ပြောသည်။ဝေသာလီဘုရားပြုပြင်ရေးတွင် လက်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် ကိုဇော်ဝင်းလှိုင်သည် နေ့လယ် ထမင်းစားနားချိန်တွင် အခြားလုပ်ဖော်ကိုင်ဖက် ၃ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုဝင်တို့က ဆိုသည်။

ဇွန် ၂၄ တွင် တပ်က သူ့ကို ကျောက်တော်ရဲစခန်းသို့ လွှဲပြောင်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲခဲ့သည်။ စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် ဒဏ်ရာများကို ကုသရန် ကျောက်တော် ဆေးရုံမှ စစ်တွေဆေးရုံသို့ ဇူလိုင်လ ၁ ရက်နေ့တွင် ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဆေးရုံရောက်ကိုဇော်ဝင်းလှိုင်ကို ကူညီဆောင်ရွက်ပေးနေသည့် အလင်းတံတား အရပ်ဖက်အဖွဲ့အစည်းမှ ဒေါ်ကျော့မေက ကျောက်တော်ဆေးရုံတွင် ရိုက်ကူးခဲ့သည့် ဓာတ်မှန်မှတ်တမ်းအရ သေဆုံးသူ၏ အဆုတ်နှင့် အတွင်းကလီစာများ အပြင်းအထန် ထိခိုက်သည်ဟူသော ဆရာဝန်၏ မှတ်ချက်ဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“သွေးတွေ တအားအန်ပါတယ်။ အောက်စီဂျင်သွင်းနေရင်းနဲ့ သွေးတွေက အတုံးလိုက်၊ အခဲလိုက် အန်ပြီးတော့ ခြောက်နာရီကျော်လောက်မှာ အသက်ပါ ပါသွားပါတယ်” ဟု ၎င်းမြင်တွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြသည်။

ကိုဇော်ဝင်းလှိုင် အပါအဝင် ၁၀ ဦးကို AA နှင့်ပတ်သက်နိုင်သည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း တပ်ဘက်က သတင်းထုတ်ပြန်ထားခဲ့ပြီး ၎င်းတို့ထဲမှ မြောက်ဦးမြိုနယ် ပေါက်တောပြင်ရွာသား ကိုနေမျိုးထွန်း ဆိုသူလည်း ဇွန်လ ၂၄ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က သံသယဖြစ်ခံရသည့် ကျေးလက်ဒေသခံတို့ကို ဥပဒေနှင့်အညီ စစ်ဆေးရန်၊ စစ်ကြောမေးမြန်းစဉ် သေဆုံးသွားပါက သက်ဆိုင်ရာမိသားစုဝင်ထံ အပ်နှံပြီး သဂြိုလ်ခွင့်ပြုရန် တိုက်တွန်းကြောင်း လွှတ်တော်တွင် အဆိုတင်ထားသည်ဟု ပြောသည်။

“AA နဲ့ ဆက်စပ်မှု ရှိတယ်။ မရှိဘူးကတော့ ကျွန်တော်ကတော့ တပ်အပ်တော့ မပြောနိုင်ဘူးပေါ့ဗျ။ ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ပါ။ ဒါတစ်ခုတော့ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AA သံသယမှုဖြင့် ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားသည့် ကိုဇော်ဝင်းလှိုင်၏ သတင်းကို မကြားရသေးကြောင်း၊ အစည်းအဝေးခန်းမထဲသို့ ရောက်နေသည့်အတွက် အသေးစိတ် ဖြေကြားရန် မဖြစ်နိုင်သေးကြောင်း Myanmar Now ၏ ဇူလိုင်လ ၂ ရက်ညနေပိုင်း ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက သံသယရှိသူများကို နှိပ်စက်ညှဉ်းပန်းရန် ခွင့်ပြုထားခြင်းမရှိဟု စစ်တွေအခြေစိုက် DMG သတင်းဌာနကို ပြောကြားခဲ့ပြီး အသေးစိတ်အခြေအနေကို မြေပြင်တပ်ဖွဲ့ဝင်များကို မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော်တို့တပ်ကတော့ လုပ်ခိုင်းတာလည်း မရှိဘူး။ လုပ်တာလည်း မရှိဘူး” ဟု တပ်မတော် ပြောခွင့်ရအရာရှိက DMG ကို ပြောသည်။

ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် AA နှင့် ဆက်နွယ်သည်ဟု ယူဆပြီး ဖမ်းဆီးခဲ့သူ ၉၀ ကျော်ရှိပြီး၊ စစ်ဆေးဆဲ ၃၆ ဦး၊ အမှုဖွင့်အရေးယူထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ဦးရှိသည်ဟု ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(RNC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ရခိုင်ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၁၈၀ ကျော်နှင့် ဖမ်းဆီးခံထားရသူ ၂၂၀ ကျော်ခန့် ရှိနေပြီဖြစ်သည်ဟု ၎င်းတို့ ကောက်ယူထားသည့် အချက်အလက်များပေါ် မူတည်ပြီး ခန့်မှန်းထားသည်။

MyanmarNow