“အသွင်ကူးပြောင်းရေးကာလ တရားမျှတမူ (Transitional Justice) လို့ ဆိုလိုက်ရင် “အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) အတွက် အဟန့်အတား တစ်ခုဖြစ်မယ်လို့ မြင်တတ်ကြတာဟာ မြန်မာ နိုင်ငံမှာမှမဟုတ်ဘဲ ကမ်္ဘာမှာလည်းရှိကြတာ ပါပဲ။ တကယ်တော့ တရားမျှတမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အခြေခံလို အပ်ချက်ဖြစ်နေတယ်ဆိုတာကို မမြင်ကြလို့ ခုလိုပြောကြတယ်လို့ယူဆပါတယ်။ ရှင်းပါမယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဘာလို့လိုချင်တာလဲဆိုရင် အရင်ဆုံး အကြောင်းပြချက်ကတော့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာ တွေနဲ့ပတ်သက်ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့လူဒါမှမဟုတ် အဖွဲ့အစည်းအနေနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေချင်တာကြောင့် လို့ဆိုရမှာပါ။

ဒါကလည်း သူတို့ဟာ အမှားကျူးလွန်ခဲ့တဲ့အတွက် အဲဒီလူ/ အဖွဲ့အစည်းမှာ အများ ပြည်သူက သူတို့အပေါ် ပျောက်ဆုံးသွားတဲ့ ယုံကြည်မှုထက် သူတို့ကိုယ်သူတို့ယုံကြည်မှုကို ပြန်ရစေချင်လို့ပါပဲ။ ဒီနေရာမှာ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ ၁၉၉၅ ခုနှစ်က ဂျပန်နိုင်ငံမှာ အစွန်း ရောက်ဘာသာရေးဂိုဏ်းတစ်ခုက အဖွဲ့ဝင်တွေဟာ မြေအောက်ရထား လိုင်းမှာ အဆိပ်ဓာတ်ငွေ့လွှတ်ပြီး လုပ်ကြံခဲ့တဲ့ အတွက် အပြစ်မဲ့ပြည်သူ အများအပြား သေကျေခဲ့ရပါတယ်။ အဲဒီလုပ်ကြံမှုမှာ တာဝန်ရှိခဲ့တဲ့ ဂိုဏ်းသားတွေကတော့ သေဒဏ်ချ မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများ စွာ ထောင်သွင်းအကျဉ်းချခဲ့ပြီး မကြာသေးခင်ကမှ ကြိုးပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကြိုးသမား အကျဉ်းသားအဖြစ် ထောင်ကျနေစဉ်မှာ ဂျပန်စာရေးဆရာမတစ်ယောက် က မကြာခဏတွေ့ခွင့်တောင်းပြီး အဲဒီလူအကြောင်း စာရေးဖို့ကြိုးစား ခဲ့ပါတယ်။ အဲဒီမှာ ဒီလူက ပြောပြတဲ့စကား ဟာ သိပ်စိတ်ဝင် စားစရာကောင်းပါတယ်။ (တကယ်တော့ သေဒဏ် ဆိုတာ လူ့ရပိုင်ခွင့်ရှုထောင့်က ကြည့်ရင်မဖြစ်သင့်ဘူးလို့ မြင်ကြ တာပါ။) ဒီလူက သူ့ရဲ့သေဒဏ်ကျအကျဉ်းသားဘဝဟာ သာမန် အပြစ်ကင်းတဲ့ လူတစ်ယောက်အနေနဲ့ဆိုရင် ဘယ်လိုနည်းနဲ့မှ ခံနိုင်ရည်ရှိစရာ မဟုတ်ကြောင်း သေချာပြောပြပါတယ်။ ပြီးတော့မှ သူ့အနေနဲ့တော့ “ငါဟာ အပြစ်လုပ်ခဲ့ သူပဲ”ဆိုတဲ့ အသိစိတ်ကြောင့် သာ ဒီလိုသေဒဏ်ကို ဘယ်နေ့ရင်ဆိုင်ရမယ် မှန်းမသေချာဘဲ ထောင်ထဲမှာ ဆယ့်လေးငါးနှစ် မက အထူးတလည် ပိတ်ပင်ခွဲခြား စောင့်ကြပ်ခံထားရတဲ့အနေအထားမှာ တောင့်ခံနေနိုင်တာလို့ ပြောခဲ့ပါသတဲ့။

ဒီဖြစ်ရပ်ကို ကြည့်ရင် အမှားကို ကျူးလွန်ခဲ့သူတွေမှာ သူတို့ မှားခဲ့ကြောင်း၊ သူတို့မှာ အပြစ်ရှိကြောင်းသိတဲ့အခါ အဲဒီအမှား တွေ၊ အပြစ်တွေကို လွန်မြောက်သွားဖို့အတွက် သူတို့အနေနဲ့ခက်ခဲ စွာ ဖြတ်သန်းရလိမ့်မယ်ဆိုတာကို မျှော်လင့်ပြီးသား၊ နားလည်ထား ပြီးသားဆိုတာ သတိပြုနိုင်ကြမှာပါ။ ဒါကြောင့် ဒီအကျဉ်းသားဟာ ခက်ခဲလှတဲ့ အတွေ့အကြုံတွေကို သူ့အပြစ်အတွက် ပေးဆပ်မှု အဖြစ် သဘောထားပြီး ခံနိုင်ရည်တွေ ရှိခဲ့တာလို့ဆိုခဲ့တာဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ဒီလိုခံယူချက်က သူ့ကိုယ် သူ တစ်ချိန်က ဘယ်လိုမှား ခဲ့မှားခဲ့ ငါဟာအမှားကို တာဝန်ယူနိုင်သူ၊ တရား မျှတမှု အတွက် ပေးဆပ်နိုင်သူဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မွေးဖွားပေးနိုင်ခဲ့ပါ တယ်။ ဒါကပဲ သူ့ကို ခံနိုင်ရည်တွေရှိစေခဲ့တာပါ။ တကယ်တမ်းမှာ ကိုယ်မှားခဲ့တဲ့အမှားအပေါ် ယူကျုံးမရဖြစ်သူတွေ ဟာ အဲဒီကြေကွဲစိတ်၊ သိမ်ငယ်စိတ်တွေကြောင့်ပဲ လူလုံးမလှ၊ ခံနိုင်ရည်မရှိဖြစ်တတ်ကြပါ တယ်။ အဲဒီအမှားအတွက် တစ်စုံတစ် ရာ ပြန်လည်ပေးဆပ်နေတာ၊ တာဝန်ယူနေတာလို့ သူတို့ကိုယ်သူ တို့ သေချာစွာ ယုံကြည်နိုင်မှပဲ မိုးလင်းကနေ မိုးချုပ်တစ်နေကုန် ချုပ်နှောင်ခံထားရတဲ့ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ကြ တာပါ။

ဒါကြောင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ အမှားကျူးလွန်ခံရသူတွေအတွက်သာမက အမှားကျူးလွန်ခဲ့သူတွေ အတွက်ပါ အရေးကြီးပြီး မရှိမဖြစ်လိုအပ်တယ်လို့ ဆိုရတာဖြစ်ပါ တယ်။ တကယ်တော့ အမှားကျူးလွန်ခံခဲ့ရသူတွေဟာ သူတို့ရဲ့ အမှားကြောင့်ဖြစ်ခဲ့ရတာ မဟုတ်တဲ့အတွက် ဖြစ်လာသမျှ အဆိုး မှန်သမျှကို ခက်ခက်ခဲခဲကျော်လွှားခဲ့ရပေမဲ့ အပြစ်မကင်းစိတ်၊ မလုံမလဲစိတ်တွေက ကင်းစင်နေမြဲမို့ သိမ်ငယ်စိတ်ရယ်လို့ မရှိတတ် ကြဘဲ ဒီလိုဒီလောက် ဆိုးရွားတဲ့အတွေ့ အကြုံတွေကို ဘာအမှားမှ မလုပ်ဘဲ ဖြတ်သန်းနိုင်ခဲ့လေတယ်ဆိုတဲ့ သူတို့ကိုယ်သူတို့ ယုံကြည် မှုအခိုင်အမာရှိတတ်ကြစမြဲဖြစ်ပါတယ်။ အမှားကျူးလွန်သူတွေက သာ အပြစ်မကင်းစိတ်၊ သိမ်ငယ်စိတ်တွေရဲ့ဖိစီးမှုကို ခံရမြဲပါ။ အမှား ကို အမှားပါလို့ ဝန်မခံနိုင်မချင်း အဲဒီစိတ်တွေဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ရဲ့အမှား တွေ မပေါ်ပေါက် မချင်း(တစ်နည်း သူတို့အမှားကို ဝန်မခံမချင်း) သူတို့ရဲ့အပြစ်မကင်းစိတ် က သည်းထန်လေ့ရှိပါတယ်။ ဒီလိုစိတ် အခြေအနေဖြစ်တာကို ထုတ်ဖော်မပြောပြတတ်ကြ ပေမဲ့ သူတို့ ကိုယ်သူတို့ ဘာအမှားမှမကျူး လွန်ထားသလို ဟန်ဆောင်နေ တတ်ကြသူအများစုဟာ ဒီလိုစိတ်အခြေ အနေကနေ လွန်မြောက်ရ အောင် သူတို့ပတ်ဝန်းကျင်ကလူတွေကို သူတို့ဟာ အပြစ်ကင်း ကြောင်း၊ ဘာတာဝန်မှမရှိကြောင်း၊ ကြည်ညိုခံထိုက်သူဖြစ်ကြောင်း ပြောပေးပြပေးဖို့ စီမံတိုက်တွန်း အားထုတ်တတ်ကြပါတယ်။ ထောက်ခံပွဲတွေ၊ ပူဇော်ပွဲတွေလုပ်ကြ တာဟာ ဒီလိုအပြစ်မကင်း စိတ်အခြေခံကို လွန်မြောက်အောင် ကြံစည် မှုတွေ သာဖြစ်တာကို တွေ့ရမှာပါ။ ဒီလိုပွဲတွေများလာရင် ဒီလိုအပြစ် မကင်းစိတ် တွေ တားမနိုင်ဆီးမရ အုံကြွလာနေပြီလို့တောင် တွေးဆလို့ ရနေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ကွယ် ကျဆုံးနေ သူတွေသာ သူများရဲ့ထောက်ခံမှု၊ ပူဇော်မှုတွေကို အာသာ ငမ်းငမ်း တမ်း တတတ်ကြတာမဟုတ်ပါလား။ တစ်နည်းအားဖြင့် အတိတ်က အမှားတွေကို ဖုံးကွယ်ချေဖျက်ဖို့ နောက်ထပ်အမှားတွေ ထပ်ထပ် ကျူးလွန်ဖို့ကြိုးစားတာဟာ အပြစ်မကင်း စိတ်ကြောင့်သာဖြစ်ပါ တယ်။

တကယ်လို့ တစ်စုံတစ်ယောက်ဟာ အပြစ်မရှိဘူး၊ အမှား မကျူးလွန်ခဲ့ ဘူးလို့ သေချာနေရင် အခြားတစ်ပါးသူရဲ့ ထောက်ခံ မှုတွေ၊ ပူဇော်မှုတွေ လုံးလုံးမပါဘဲ ကိုယ့်ရဲ့ဆောင်ရွက်စရာမှန်သမျှ ကို ဆက်လက် ရွက်ဆောင်နေနိုင်ကြပါတယ်။ တစ်နည်းအားဖြင့် အပြစ်ကင်းတယ်လို့ ကိုယ့်လိပ်ပြာကိုယ် လုံတဲ့စိတ်ဟာ လူတစ် ယောက်ကို ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှု ဖြစ်ထွန်းစေနိုင်ပါတယ်။ အဲဒီယုံကြည်မှုကပဲ သူ့ဘဝမှာ ဘယ်လိုခက်ခဲပါစေ ဘယ်သူ့ အကူ အညီ ရရမရရ အေးအေးဆေးဆေး ကျော်လွှားလွန် မြောက်နိုင် စွမ်းကို ပေးအပ်တာဖြစ်ပါတယ်။

ဒီတော့ အမှားကျူးလွန်ခဲ့သူတွေအဖို့ အပြစ်မကင်းစိတ်နဲ့ပဲ ရာသက်ပန် နေထိုင်သွားရမယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူ တာကိုမခံရတဲ့ တိုင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေတဲ့ အတွက် ဘဝရဲ့အခြား အခက်အခဲတွေ ကျော်ဖြတ်ရာမှာ ထီး တည်းဖြတ်ကျော်နိုင် စွမ်း မရှိတတ်ကြပါဘူး။ အနည်းဆုံးတော့ ငွေကြေးအကူအညီရမှသာ ဖြတ်ကျော်နိုင်မှာမို့ အဲဒီလိုအပ်တဲ့ငွေ ကြေးအတွက် တရားတဲ့နည်းလမ်း ဖြစ်ဖြစ်မဖြစ်ဖြစ် သုံးဖို့ဆုံးဖြတ် တတ်ကြပါတယ်။ အဲဒီမှာတင် နောက်ထပ်အမှားတွေကို ဆင့်ကာ ဆင့်ကာ ကျူးလွန်မိလျက်သားဖြစ် ကာ မုန့်လုံးစက်္ကူကပ်ဆိုသလို အမှားတွေအပြစ်တွေနဲ့ပဲ ဘဝ တစ်လျှောက် နပန်းလုံးပြီး အပြစ် မကင်းစိတ်၊ မလုံမလဲ စိတ်တွေနဲ့ပဲ ဘဝကူးရမယ့်အခြေအနေကို ဆိုက်ရောက်တတ်ကြပါတယ်။

ဒီလိုဆိုရင် လူတစ်ယောက်အဖို့ တစ်ခါမှားရုံနဲ့ တစ်သက်၊ တစ်သံသရာ မှာ အမှားရေစုန်မျောရမလို ဖြစ်ကြရမှာပေါ့။ ဒါကို အဖြစ်မခံလို့ မရဘူးလားဆိုရင် သိပ်ရတာပေါ့လို့ ဖြေရမှာပါ။ အဲဒါကတော့ အမှားတစ်ခုကို ကျူးလွန်ပြီးရင် အဲဒီအမှားကို တာဝန်ယူ၊ ဝန်ခံခြင်းပါပဲ။ ဒီနေရာမှာ အာဇာနည်ကိုးဦး လုပ်ကြံမှုရဲ့ အဓိကတရားခံ ဦးစောကို ကြည့်ရအောင်ပါ။ သူ့ကို တရားဥပဒေအရ အရေးယူခဲ့တာကို ခဏဘေး ဖယ်ပြီး သူ့အနေနဲ့ သူလုပ်ခဲ့တဲ့အမှားကို သူကိုယ်တိုင်အမှားပါ လို့ လက်ခံဝန်ခံသွား တာဖြစ်ပါတယ်။ သူသာ တရားသဘောတွေကို သေသေချာချာနားလည်ခဲ့ရင် ဒီလို အမှား မျိုး သူလုပ်ခဲ့မှာ မဟုတ်ဘူးလို့ သူဟာ သူ့ရဲ့အမှားအတွက် တာဝန်ယူတဲ့၊ ဝန်ခံတဲ့သဘော ပြောခဲ့တာ ဟာ သိပ်အရေးကြီးပါတယ်။ ဒါဟာ သူ့ရဲ့ အမှားကြောင့် ဖြစ်ခဲ့ရတဲ့ရလဒ် ဆိုးကြီး အပေါ် နာကျည်းဒေါသဖြစ်နေတဲ့ လူထုကို ချွေးသိပ်ပေးနိုင်ခဲ့ သလို သူကိုယ်တိုင်ကိုလည်း ကြိုးစင်ပေါ်တက်တဲ့အခါ တည်ငြိမ်အေးဆေးမှု၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကို ဖြစ်စေ ခဲ့ပါတယ်။ လူတစ်ယောက် သေခါနီးအချိန်မှာ အဲဒီအဖြစ်ကို တည်ငြိမ်အေးဆေးစွာ ခံယူ နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မပါဘဲ တည်ဆောက်လို့မရနိုင်ပါဘူး။ ဦးစောဟာ သူမမှားခဲ့ဘူးလို့ သူ့ကိုယ်သူ လှည့်ဖျားဖို့ ကြိုးစားမယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ပတ်ဝန်းကျင် က လူတွေကို သူ့အပေါ် ကျေးဇူးရှင်ကြီးလို ဆက်ဆံပြုမူပေးဖို့ အား ထုတ်မယ်ဆိုရင် သူ့စိတ်ထဲ က အပြစ်မကင်းစိတ်၊ မလုံမလဲစိတ်ကို မဖျောက်ဖျက်နိုင်တဲ့အပြင် အဲဒီလိုအားထုတ်ရတဲ့ အတွက် စိတ်ဖိစီးမှုဟာ သူ့ကို တည်ငြိမ်အေးချမ်းမှု ဘယ်လိုမှ ပေးနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူ ဒါမှမဟုတ် အဖွဲ့အစည်းအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံ မှုရှိစေချင်ပါတယ်။ ဒါမှလည်း သူတို့ဟာ အမှားကျူးလွန်ခဲ့တဲ့ အတွက် အဲဒီလူ/အဖွဲ့အစည်းမှာ အများရဲ့သူတို့အပေါ် ပျောက်ဆုံးသွား တဲ့ ယုံ ကြည်မှုထက် သူတို့ကိုယ်သူတို့ ယုံကြည်မှုကို ပြန်ရမှာဖြစ်ပါ တယ်။

ဒီနေရာမှာ ဘယ်လိုတာဝန်ယူ၊ တာဝန်ခံရမှာလဲဆိုတာဟာ အသွင်ကူး ပြောင်းရေး ကာလ တရားမျှတမှုအတွက် နောက်ထပ်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေတာကို တွေ့ရ မှာပါ။ ဒုတိယကမ်္ဘာစစ်ပြီးကာစမှာ နျူရင်ဘတ်ခုံ ရုံးလိုပေါ်ထွက်ခဲ့ပြီး စစ်ရာဇဝတ်ကောင် တွေကို တရား ဥပဒေအရ အရေးယူတာတွေရှိခဲ့ပါတယ်။ ဒီနေ့ မြန်မာ့အခြေအနေ မှာတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နောက်ကြောင်းပြန် အရေးယူလို့မရအောင် အကာ အကွယ်ပေးတာတွေရှိနေပါတယ်။ ဒါကြောင့် တရားဥပဒေအရ အရေးယူမှုကို ဒီနေရာမှာ ခဏလောက်ဘေး ဖယ်ထားကြရအောင်ပါ။ (ကမ်္ဘာမှာလည်း ဒီလိုခုံရုံးတင်ပြီး အမှားကို တာဝန်ယူခိုင်းတာဟာ စစ်အေးအလွန်ခေတ်မှာ ခေတ်မစားလှတော့ပါ ဘူး။) ဒီတော့ အမှား တွေကို ဥပဒေကြောင်းအရ မဟုတ်ဘဲ ဘယ်လို တာဝန်ယူ၊ တာဝန်ခံရမှာလဲဆိုတာ တရား မျှတမှုအတွက် သော့ချက်ဖြစ်လာပါတယ်။

တာဝန်ယူ၊ တာဝန်ခံမှုပုံစံတွေကို အဆင့်ဆင့်သရုပ်ခွဲမယ်ဆိုရင်တော့ ၁။ ဘယ်ဟာ တွေ မှားခဲ့သလဲဆိုတာကို မှတ်တမ်းပြုစုဖို့ ၂။ အဲဒီအမှားတွေ အတွက် ဘယ်သူတွေမှာ တာဝန်ရှိခဲ့တယ်ဆိုတာကို ရှာဖွေဖော် ထုတ်ဖို့ ၃။ အဲဒီအမှားတွေကြောင့် ဘယ်သူတွေက ဘယ်လို နစ်နာ ခဲ့တယ် ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ ၄။ အမှားတွေအတွက် တာဝန် ရှိသူတွေက မှားခဲ့ကြောင်း ဝန်ခံဖို့ ၅။ အမှားကြောင့် နစ်နာခဲ့ရ သူများကို အမှား အတွက် တာဝန်ရှိသူတွေက တောင်းပန်ဖို့ ဒါမှ မဟုတ် ၆။ နိုင်ငံတော်က နစ်နာခဲ့ရသူများအတွက် ကုစားမှုအစီ အစဉ် ရေးဆွဲကူညီဖို့ရယ်လို့ ဖြစ်ပါလိမ့်မယ်။

၁။ ဘယ်ဟာတွေ မှားခဲ့သလဲဆိုတာကို မှတ်တမ်းပြုစုဖို့ အတွက် အချိန်ကာလ ပိုင်းခြားသတ်မှတ်မှုလည်း လိုပါလိမ့်မယ်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းကစပြီး အပြစ်မဲ့ပြည်သူများ ထိခိုက် နစ်နာသေဆုံးစေခဲ့ တဲ့ ဖြစ်ရပ်တွေအားလုံးဟာ အမှားတွေချည်းမို့ ဘယ်တုန်းက ဘယ်နေရာ မှာ ဘာတွေ ဖြစ်ခဲ့တယ်၊ အပြစ်မဲ့ပြည်သူ ဘယ်နှယောက် ဘယ်လိုနစ်နာ ထိခိုက်(သေဆုံး) ခဲ့တယ်ဆိုတာကို မှတ်တမ်းပြုစုဖို့လိုပါတယ်။ ဒီမှတ် တမ်းမျိုး မြန်မာနိုင်ငံမှာ မရှိသေး ပါဘူး။ ထိခိုက်နစ်နာခဲ့ရသူတွေ အတွက် ထိခိုက်နစ်နာခံခဲ့ရကြောင်း အသိအမှတ်ပြုခံရမှုဟာ နစ်နာကြေးရ သလိုကို ထိရောက်တဲ့ဖြေ သိမ့်မှုတစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ ဘယ်လိုဖြစ်ရပ်တွေက အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်နစ်နာစေပါ တယ်လို့ မှတ်တမ်းမှတ်ရာရှိလာ ရင် နောင်လာနောက်သားတွေအတွက် လည်း ဘယ်လိုအပြုအမူ တွေက အမှားဆိုတာကို အထင်အရှား သိခွင့်ရကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ အာဏာရှင်အစိုးရများသာမက မည်သည့်အစိုးရ မဟုတ်သော လက်နက်ကိုင်အစုအဖွဲ့မဆိုရဲ့ လုပ်ရပ်တစ်ခုခု ကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာရတယ်ဆိုရင် အမှား အဖြစ် မှတ်တမ်းပြုစုထားဖို့လိုတယ်ဆိုတာလည်းပြောချင်ပါတယ်။ တည်ဆဲ အစိုးရတစ်ခုခုရဲ့ မတရားဖိနှိပ်မှုကို တွန်းလှန်ဖို့ တိုက်ပွဲ ဝင်ခဲ့တာကြောင့် ဘေးထွက်ဆိုးကျိုးအဖြစ် အပြစ်မဲ့ပြည်သူတွေကို ထိခိုက်နစ်နာစေခဲ့တာပါလို့ ဆိုချင်ဆိုနိုင်ပေမဲ့ အဲဒီလိုနစ်နာစေခဲ့မှု အတွက် တာဝန်ရှိသူဟာ အဲဒီအစိုးရချည်းပဲမဟုတ်ဘဲ တွန်းလှန် တိုက်ပွဲဝင်သူတွေလည်း ပါနေတာကို သတိပြုရ မှာပါ။ ဒီနေရာမှာ အမှားကျူးလွန်ခြင်းဆိုတာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်နစ်နာ စေတဲ့ ဘယ်လိုအပြုအမူကိုမဆိုဆိုလိုတယ်လို့လည်း လက်ခံကြ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီး နောက်ပိုင်းကနေ ဒီကနေ့ထိ အချိန်ကာလရှည်ကြီးကို ဆစ်ပိုင်းပြီး မှတ်တမ်းပြုစုဖို့ အချိန်ယူရမှာဖြစ်ပါ တယ်။ ခုကစပြီး ပြုစုမယ်ဆိုရင်တောင် နောက်ထပ်လေး-ငါး နှစ်လောက်ကြာမှ ပြည့်စုံနိုင်မယ်ထင်ပါတယ်။ ဒီလောက်နှစ်အများကြီး အတွက် ပြုစုဖို့လိုရဲ့လားလို့ မေးစရာရှိနိုင် ပါတယ်။ လိုပါတယ်။ အကြောင်းကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မျိုးဆက်တစ်ခုကနေတစ်ခု ထိခိုက်နစ်နာရတဲ့ ခံစားချက်ကို လက် ဆင့်ကမ်းနေကြရသေးလို့ပါပဲ။ ဘယ်တုန်းကမှ တရား မျှတမှု အတွက် အားမထုတ်ခဲ့ဘူးတဲ့ လူ့အဖွဲ့ အစည်းဖြစ်တဲ့အတွက်ကို တတ်နိုင်သလောက် အတိတ်ကိုပြန်ပြီး မှတ်တမ်းပြုစုဖို့ လိုအပ် နေပါတယ်။ ထိခိုက်နစ်နာရတဲ့ ခံစားချက်ဒဏ်ရာ ရထား သူတွေ အတွက် တရားမျှတမှုကို မဆောင်ရွက်ပေးနိုင်သရွေ့ တစ်နည်း အားဖြင့် ဒဏ်ရာတွေအနာကျက်အောင် မလုပ်ပေးနိုင် သေးသရွေ့ ရှေ့ခရီးလမ်းမှာ တစ်ယောက်ကို တစ်ယောက်၊ တစ်စုကို တစ်စု စိတ်ချယုံကြည်စွာ လက်တွဲနိုင်ရေးဆိုတဲ့ အမျိုးသားပြန် လည်သင့် မြတ်ရေးဆိုတာမဖြစ်နိုင်လို့ပါပဲ။ ဒီကနေ့ ဗမာမဟုတ်တဲ့ တိုင်းရင်း သားတွေရဲ့ ခံစားချက်တွေဟာ ဒီကနေ့မှ ဖြစ်လာတာ မဟုတ်ဘဲ အဲဒီလိုကာလကြာမြင့်စွာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း လာတဲ့ ခံစားချက်ဖြစ်နေလို့ကို အဲဒီလောက်ကာလအထိ နောက် ကြောင်းပြန်ပြီး မှတ်တမ်းတင်ဖို့လိုတာဖြစ်ပါတယ်။

၂။ အဲဒီအမှားတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိ ခဲ့တယ် ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ဆိုရာမှာလည်း မြန်မာ့လူ့အဖွဲ့ အစည်းလို စနစ်ကြီး တစ်ခုလုံး မှားယွင်းခဲ့တဲ့ လူ့အဖွဲ့အစည်း အတွက် အရေးကြီးလှပါတယ်။ ဖြစ်ရပ်အလိုက်၊ ဒေသအလိုက်၊ ကာလအလိုက် တာဝန်ရှိသူတွေအများ အပြားရှိနိုင်သလို တချို့ သောလူနဲ့အဖွဲ့အစည်းတွေဟာ သေဆုံးကွယ် လွန် နှင့်တာ၊ နိုင်ငံရပ်ခြားတိုင်းတပါးကို ရောက်သွားတာတွေလည်း ရှိနိုင်ပါ တယ်။ ဒါပေမဲ့ အဲဒီလူ/အဖွဲ့တွေအားလုံးကို ရှာဖွေဖော်ထုတ်မှတ် တမ်းတင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်ရပ်တစ်ခု အတွက် တာဝန်ရှိသူကို အတိအကျမသိရင် နောင်လာနောက် သားမျိုးဆက်တွေ အတွက် ဝန် ထုပ်ဝန်ပိုး ဖြစ်စေနိုင်လို့ပါပဲ။ ဥပမာ – ကျောင်းသား သမဂ်္ဂအဆောက်အအုံ ဗုံးဖောက်ခွဲတဲ့ဖြစ်ရပ်မှာ တာဝန်ရှိသူဟာ ဦးနေဝင်းလား၊ ဦးအောင်ကြီးလား၊ တခြားဘယ်သူ တွေ ပါသေးလဲ ဆိုတာမျိုး တိကျသေချာတဲ့ ဖော်ထုတ်မှု မရှိသေး တဲ့အတွက် အဲဒီလူတွေ သေသွားတဲ့တိုင် သူတို့ရဲ့မျိုးဆက်တွေမှာ အဲဒီအတွက် သံသယကို ဝန်ထုပ်ဝန်ပိုးအဖြစ် ထမ်းနေရပါတယ်။ ဒါဟာ တကယ်တော့မဖြစ် သင့်တာပါ။ ဒါကြောင့် အမှားတစ်ခုနဲ့ ပတ်သက်ရင် ဘယ်လောက်ကြာကြာ၊ တာဝန်ရှိမှုအတွက် အရေး ယူနိုင်တာမျိုး မဖြစ်နိုင်တော့တဲ့တိုင် ဘယ်သူတာဝန်ရှိတယ်ဆိုတာ ကို ဖော်ထုတ်မှတ်တမ်းပြုစုထားဖို့ အရေးကြီးပါတယ်။

၃။ အဲဒီအမှားတွေကြောင့် ဘယ်သူတွေက ဘယ်လို နစ်နာ ခဲ့တယ်ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ဆိုတာလည်း သိပ်အရေးကြီးပါ တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း အပြစ်မဲ့ပြည်သူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှု၊ ထောင်သွင်းအကျဉ်းချခံရမှု၊ နေရပ်စွန့်ခွာ ရှောင်တိမ်းရမှုလို အမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အမှုတွေဟာ ဘယ်တုန်းက ဘယ်နေရာတွေမှာ ဘယ်လိုလူတွေ ဘယ်လောက်များများ ဘယ်လိုဘယ်ပုံ ကြုံတွေ့နစ်နာခဲ့ရတယ်ဆို တာ မှတ်တမ်းရှိမနေပါဘူး။ ကမ်္ဘာစစ်ကြီးတွေ ပြီးသွားတဲ့အခါ စစ်အတွင်းကျ ဆုံးခဲ့ကြတဲ့ အညတရစစ်သည်တွေကို မှတ်တမ်းပြု စုပြီး သချိုင်းမှာ ကမ်္ဗည်းတင်ပေးတာမျိုးဟာ နစ်နာခဲ့ရသူအပေါ် သူကျင်လည်ခဲ့ ရာလူ့အဖွဲ့အစည်းက အသိအမှတ်ပြုမှုဆိုတာ ထက်ကိုပိုပါတယ်။ နစ်နာခဲ့ရသူတွေရဲ့မိသားစု၊ ဆွေမျိုး၊ မိတ် သင်္ဂဟ၊ လုပ်ဖော်ကိုင်ဖက်တွေ အတွက်လည်း အဲဒီမှတ်တမ်းကပေး တဲ့၊ အဲဒီအသိအမှတ်ပြုမှုက ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေး မှုဟာ သိပ်တန်ဖိုးကြီးပါတယ်။ ဒါကြောင့် ပြတိုက်တွေမှာ ထိခိုက်နစ်နာသွားရသူတွေ ရဲ့ဓာတ်ပုံ၊ အသုံး အဆောင်တွေ ပြထားတာမျိုးထိ အသိအမှတ်ပြုမှတ်တမ်း တင်တာမျိုး မလုပ်နိုင်ရင်နေပါစေ၊ အနည်းဆုံးတော့ စာရင်းပြုစုမှတ်တမ်းတင်ထား ဖို့လိုနေပါတယ်။ တချို့ဖြစ်ရပ်တွေဆိုရင် (ဥပမာ – ၁၉၉၀ ဝန်းကျင်က ဘိုကလေးနဲ့တဝိုက်မှာ ရွာလုံး ကျွတ်နီးပါး ပြည်သူအများအပြား သတ်ဖြတ်ခံခဲ့ရတာမျိုး) တစ်ချိန်က စာပေစိစစ်ရေး တန်ခိုးကြောင့် ဖြစ်လို့ဖြစ်ခဲ့မှန်းတောင်မသိခဲ့ကြ၊ မသိနေကြလေတော့ အခုလို မှတ်တမ်း တင်တဲ့ အစီအစဉ်မျိုးမရှိခဲ့ရင် ဘယ်တော့မှလည်း သိနိုင်တော့မှာမဟုတ် ပါဘူး။ ဒါဆို အဲဒီလို ထိခိုက်နစ်နာရသူတွေဟာ ဟောဒီလူ့အဖွဲ့အစည်း ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ရသူ တွေလို ဆက်ဆံခံရတာနဲ့ မခြားနိုင်တော့ပါဘူး။ ဒါကြောင့် ဒီလို ဒီဖြစ်ရပ် တွေမှာ ထိခိုက် နစ်နာသေဆုံး အကျဉ်းကျခံခဲ့ရပါတယ်ဆိုတဲ့သူများရဲ့ နာမည်များကိုဖော်ထုတ်မှတ် တမ်းတင်ဖို့အရေးကြီးပါတယ်။ ဒါဟာလည်း တရားမျှတမှုအတွက် အားထုတ်မှုတစ်ခုဖြစ် ပါတယ်။

၄။ အမှားတွေအတွက် တာဝန်ရှိသူတွေက မှားခဲ့ကြောင်း ဝန်ခံဖို့ပါပဲ။ အပေါ်က ဖြစ်ရပ်တွေမှာ သူတို့ ကာယကံရှင်မျိုးဆက် က ဘယ်သူက မှားခဲ့ကြောင်း၊ တာဝန်ရှိကြောင်း ဝန်မခံခဲ့တဲ့ အတွက်ကြောင့်သာ သူတို့ရဲ့ နောက်မျိုးဆက်အပေါ်မှာ သံသယ ဝန်ထုပ်ဝန်ပိုး ပိရတာဖြစ်ပါတယ်။ အခုနောက် ပိုင်းနမူနာအနေနဲ့ တော့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့စွဲပါ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ ထိပ်တန်းလျှို့ဝှက် စာ တစ်စောင်ကိစ်္စကို ကြည့်ရအောင်ပါ။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ခင်ညွန့်ရဲ့လက်မှတ်နဲ့ ဗဟိုထောက်လှမ်းရေးတပ် အပါအဝင် ထောက်လှမ်းရေးတပ်ပေါင်း ၁၇ ခုကို တန်ပြန်အဖျက် အမှောက် လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ညွှန်ကြားစာဖြစ် ပြီး “ပြည်သူလူထု တွေဝေခြောက်ခြားစေရန် နည်းမျိုးစုံသုံး၍ ဆောင်ရွက်ရမည်”လို့ အတိ အလင်း ရေးထားတဲ့စာဖြစ်ပါတယ်။ ဒီစာဟာ ဖေ့စ်ဘွခ်မှာပါ ပျံ့နှံ့နေပေမဲ့၊ ဒီစာပါ ညွှန် ကြားချက်တွေအတိုင်းဖြစ်ပျက်ခဲ့တာတွေ မှန်ကန်ကြောင်းသိကြပေမဲ့ ကာယကံရှင်ကတော့ ဒီစာနဲ့ပတ်သက်လို့ တာဝန်ယူမှု၊ ဝန်ခံမှုတစ်စုံတစ်ရာမရှိသေးပါဘူး။ ဒီလိုသက်သေခံ စာရွက်စာတမ်းနဲ့တကွ အတိ အကျပေါ်ထွက်လာတဲ့ အပေါ်မှာလည်း ကာယကံရှင်က ဝန်ခံတာ၊ တာဝန်ယူတာ ဒါမှမဟုတ် ဒီကိစ်္စကို ဘယ်သူက အဲဒီလိုဆောင်ရွက်ဖို့ တာဝန်ပေး ခဲ့လို့ လုပ်ရပါတယ်ဆိုတဲ့ အခြားအထောက် အထားတစ်စုံတစ်ရာကို ဖွင့်ဟဖော်ထုတ်တာ၊ အဲဒီလိုမျိုးမရှိရင်တော့ ဒီအတွက်ဖြစ်လာတဲ့ တာဝန်နဲ့ဝန် ထုပ်ဝန်ပိုးဟာ သူသေသွားတဲ့တိုင် သူ့မျိုးဆက်အဆက်ဆက်၊ သူ့လုပ်ဖော် ကိုင်ဖက်အများ အပြားအပေါ်မှာ ကျန်ရစ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမှားဖြစ်ရပ်ကို ဖော်ထုတ်ပြီးတဲ့အခါ အဲဒီအတွက် တာဝန်ရှိသူ တွေဟာ တာဝန်ရှိပါတယ်လို့ ထုတ်ဖော်ဝန်ခံတာနဲ့ အဲဒီအတွက်ထိ ခိုက်နစ်နာခဲ့ရသူများကို တောင်းပန်တာကို လုပ်စေချင်တာဖြစ်ပါတယ်။ ဒီလိုမလုပ်နိုင်ရင် ကြားကာလမှာ တရား မျှတမှုမဖြစ်နိုင်တဲ့ အတွက် ရှေ့ဆက်ရမယ့် နိုင်ငံ့အနာဂတ်မှာ အဲဒီညှောင့်ကြီးက ကန့်လန့် ခံပြီး ပါသွားနေဦးမှာဖြစ်ပါတယ်။ ထိခိုက်နစ်နာခံခဲ့ရသူများဘက်က သောက၊ ဒေါသနဲ့ဒ ဏ်ရာတွေကို ဆက် သယ်သွားရမှာ ဖြစ်သလို အမှားကျူးလွန် သူဘက်မှာလည်း (လူမသိ သူမသိ နောင်တဖြစ်စေ) အပြစ်မကင်းစိတ်၊ မလုံမလဲစိတ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေ၊ သူ့မျိုးဆက် နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်လည်း တစ်ဆင့်ခံအပြစ်မကင်း၊ တာဝန်ရှိမှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးဖြစ်စေတို့ကို ဆက်လက်သယ်ဆောင်သွားရဖို့ရှိပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဒဏ်ရာကင်းဖို့ ကြားကာလမှာ အနာဖေးကို ရဲရဲခွာပြီး အနာကိုစနစ်တကျ အကင်းသေ သွားအောင် ကုသဖို့တစ်နည်း အားဖြင့် အမှားကျူးလွန်ခဲ့သူတွေက တာဝန်ယူဖို့၊ တောင်းပန် ဖို့လိုပါတယ်။

၅။ အမှားကြောင့် နစ်နာခဲ့ရသူများကို အမှားအတွက် တာဝန်ရှိသူတွေက တောင်း ပန်ဖို့ ဒါမှမဟုတ် ၆။ နိုင်ငံတော်က နစ်နာခဲ့ရသူများအတွက် ကုစားမှုအစီအစဉ်ရေး ဆွဲကူညီဖို့ဆိုတာကလည်း သိပ်ကိုအရေးကြီးပါ တယ်။ တောင်းပန်ဖို့ဆိုတာကတော့ အပေါ် မှာဆိုခဲ့ပြီးပါပြီ။ ဒီတော့ နိုင်ငံတော်အနေနဲ့ နစ်နာခဲ့ရသူများအတွက် ကုစားမှုအစီအစဉ် ရေးဆွဲ ကူညီဖို့ဆိုတာကို ပြောချင်ပါတယ်။ ကာယကံရှင် အမှားကျူးလွန်သူတွေ က စေတနာ ရော ဥဏ်ပါနည်းပြီး ဝန်ခံဖို့၊ တောင်းပန်ဖို့နဲ့ တာဝန်ယူဖို့ အဆင် သင့်ဖြစ်မနေပေမဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် အသွင် ကူးပြောင်းရေးကာလ(ကြားကာလ) တရားမျှတမှုဟာ သိပ်အရေး ကြီး တယ်ဆိုတာကိုသိတဲ့ တည်ဆဲ(ကြားကာလ)အစိုးရတွေကတော့ ဒီအစီအစဉ်မျိုးကို ကြားခံတာဝန်ယူဆောင်ရွက်ဖို့ အားထုတ်တာ မျိုးလုပ်နိုင်ပါတယ်။ အမှတ်စဉ် ၂ အရ ပြုစု ထားတဲ့ မှတ်တမ်းဝင် ထိခိုက်နစ်နာခံခဲ့ရသူများကို ထိခိုက်နစ်နာခဲ့ရတဲ့အတွက် နိုင်ငံ တော် အနေနဲ့ ဝမ်းနည်းရပါကြောင်း အသိ အမှတ်ပြုမှု အမိန့်ကြေညာစာ ထုတ်ပြန် တာမျိုးဟာ လည်း မကြီးကျယ်ပေမဲ့ အတန် အသင့် ထိရောက်တဲ့ ကုစားမှုတစ်ခုဖြစ်ပါတယ်။ ထိခိုက်နစ် နာရသူများအတွက် အထိမ်းအမှတ်ပြတိုက်၊ ပန်းခြံ၊ ရုပ်တုဆိုတာမျိုးတွေ လုပ်တာလည်း တရားမျှတမှုအတွက် အားထုတ်တဲ့ ခြေလှမ်းတွေပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ နေရာ ဒေသ အလိုက်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီး သတ်သတ်မှတ်မှတ် တိတိကျကျ ဆောင်ရွက်နိုင်မှ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင် မှာဖြစ်တယ်ဆိုတာကိုတော့ မမေ့မလျော့ ထည့်သွင်းစဉ်းစားရမှာဖြစ် ပါတယ်။ နေရာတိုင်း မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့အားထုတ် တာကြောင့် မလိုအပ်ဘဲ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ထိခိုက်သွားသလိုဖြစ်ရတာဟာ သင်ခန်းစာယူစရာပါ။ အဲဒီလိုပဲ ပြည်တွင်း စစ်မှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့ စစ်သည်တွေကို သူရဲကောင်းဘွဲ့ ချီးမြှင့်တာမျိုးက လည်း ကြား ကာလ တရားမျှတမှု အတွက် အထောက်အကူ မဖြစ်နိုင်တာသေချာပါတယ်။ ဒါ ကြောင့် နိုင်ငံတော်ဟာ တရားမျှတမှုအတွက် ကြားခံအဖြစ်ဝင် ဆောင်ရွက်မယ် ဆိုရင် တောင် အတော်လေးအကင်းပါးပြီး ဗျူဟာကျဖို့လိုပါမယ်။

ထားပါတော့။ ဒီလို ၁ ကနေ ၆ လုပ်စရာတွေလုပ်တဲ့အခါ ဘယ်သူတွေ အကျိုးရှိမှာ မို့လို့လဲဆိုပြီး မေးစရာရှိနိုင်ပါတယ်။ ရှေ့မှာ အတန်အသင့် ရှင်းပြခဲ့သလို ဒါတွေလုပ်ရင် အမှားကျူးလွန်သူရော၊ အမှားကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေပါ အကျိုးမယုတ်မှာ သေချာပါတယ်။ (နိုင်ငံတော်က အကင်းပါးပါး ဗျူဟာ ကျကျ လုပ်နိုင်ဖို့လိုတာကိုတော့ ထပ်ပြီးအကျယ် မပြောလိုတော့ပါ။) ဒီ့ထက်လွန်ပြီး အကျိုးရှိမှာကတော့ နောင် လာနောက် သားတွေပဲ ဖြစ်ပါလိမ့်မယ်။ ဂျာမနီမှာ ဂျူးတွေကို မတရားသတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ရင် မကွယ်မဝှက်ဝန်ခံပြီး ပြတိုက်ပြခန်းတွေနဲ့ပါ ရှင်းပြဖော်ထုတ်ပြထားတာဟာ နောင်လာ နောက်သား ဂျာမန်များ အတွက် ဒီလိုအမှားမျိုး ဘယ်တော့မှ မကျူး လွန်ဖြစ်အောင် အထောက်အကူပြုဖို့ ပိုပြီးရည် ရွယ်ပါ တယ်။ မှားခဲ့ တာတွေ ပြီးခဲ့ပြီဆိုပေမယ့် မှားခဲ့ ကြောင်းဝန်ခံဖို့၊ အမှားကို တာဝန်ယူ တဲ့အနေနဲ့ တောင်းပန် ဖို့ဆိုတာ နောင်ထပ်မမှာ းနိုင်/မိအောင်ရည် ရွယ်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။

မြန်မာတွေးတွေးရင်လည်း လက်စားမချေဘဲ သင်ပုန်းချေဖို့ ဆိုရင် သင်ပုန်းထက်မှာ အမှားဒေတာတွေ အရင်ရောက်နေဖို့လိုတာပေါ့။ ဒါမှ အဲဒီဒေတာတွေကို ဖျက်ချေလို့ရမှာ ပါ။ ဒါကြောင့် တရားမျှတမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံလိုအပ် ချက်ဖြစ်ပြီး တရားမျှတမှုအတွက် အားထုတ်မှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ထိခိုက်နိုင်စရာ မဖြစ်နိုင်ဘူးလို့ ရဲရဲကြီးယုံကြစေချင်ပါတယ်။ နောင်မှာ ဘယ်သူက မှ ဘယ်သူ့ကိုမှ တောင်းပန်စရာ မလိုတော့လောက်အောင် ဘယ်သူမှအမှားမလုပ်ကြတဲ့ လူ့အဖွဲ့ အစည်းဖြစ်လာဖို့အတွက် ခုထိဖြစ်ခဲ့ သမျှတွေပေါ်မှာ တာဝန်ယူကြပါ၊ ဝန်ခံကြပါ၊ တောင်းပန်ကြပါ၊ ခွင့်လွှတ်ကြပါ။ ပြီးရင် အတိတ်ကိုပြည်ဖုံး ကားချလို့ရသွားပါလိမ့်မယ်။ ဒါဆို ကတ်္တီပါကားလိပ်အသစ်ကို ဖွင့်လို့ရ လာပါလိမ့်မယ်။

မသီတာ(စမ်းချောင်း)

ခေတ်ရနံမဂ္ဂဇင်း၊ အမှတ်(၅၈)၊ ၂၀၁၉ ဖေဖော်ဝါရီလထုတ် အထူးကဏ္ဍမှ ဆရာမ မသီတာ(စမ်းချောင်း)၏ ဆောင်းပါး။

————————————————————-