Aung San Suu Kyi meeting with her supporters(ဧရာဝတီ) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ ကတောင်းဆိုလိုက်ကြောင်းသိရသည်။

ယမန်နေ့က အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် လူ့အခွင့်အရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ဆက်လက်ထားရှိခြင်းကို အလွန်အမင်းစိုးရိမ်ကြောင်းနှင့် ခြွင်းချက်မရှိပြန်လွှတ်ပေးရန်၊ လာမည့်၂၀၁၀ ရွေးကောက်ပွဲ ကို အားလုံး ပါဝင်နိုင်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်အတွက် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ် ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို တရုတ်၊ အိန္ဒိယ နှင့် ရုရှ နိုင်ငံ တို့ကလည်း တညီတညွတ်တည်းသဘောတူ လက်မှတ်ရေးထိုး ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနားကလည်း “မြန်မာ စစ်အစိုးရ အနေနဲ့ လာမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ အားလုံးပါဝင် နိုင်မယ့် အခွင့်အရေး မျိုး ပေးရပါမယ်”ဟု ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ချထားတာဟာ စစ်အစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ လမ်းပြမြေပုံကို ထိခိုက်စေပါတယ်”ဟု လည်း၎င်းက ဆိုသည်။

ထိုသို့တောင်းဆိုမှုသည် မှန်ကန်သော်လည်း အားနည်းချက်များရှိနေသေးကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံရေးအကျဉ်းသား များအား စစ်အစိုးရက နိုပ်စက်ညှဉ်းပန်းမှုများ ရှိနေသေးသည့်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ် ရန် လူ့အခွင့်အရေးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ လွှတ်ရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သား များကူညီစောင့်ရှောက်ရေးအသင်း( AAPP )တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။

“တောင်းဆိုတာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် နအဖက မလိုက်လျောရင် ဘာမှလုပ်မရဘူး၊ လိုက်လျောရင်လည်းရ တယ်၊ မလိုက်လျောချင်လည်းရတယ်”ဟုလည်း၎င်း က ဆိုသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာက ဤသို့ နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်နေ သော် လည်း ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ မှ သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား စစ်အစိုးရက ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားမှုများကို ပြုလုပ်လျက်ရှိသည်။

အရှင်ဂမ္ဘီရ၏ အစ်မတော်စပ်သူ မခင်သူဌေးက“တောင်းထားတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရင် တော့ကောင်းတာပေါ့၊ ဘာအပြစ်မှမရှိကြတာ”ဟု ပြောသည်။

အဆိုပါ အရှင်ဂမ္ဘီရ သက်တော်(၂၉) နှစ်သည် လွန်ခဲ့သည့် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ကြောင့် စစ်အစိုးရက ဖမ်းဆီး၍ ပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ)၊ လဝက ပုဒ်မ ၁၃/၁၊ ပုဒ်မ ၁၇/၁၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က)၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကို ၂၀၀၇ ခု နိုဝင်ဘာ ၄ ရက် နေ့တွင် မန္တလေးတိုင်း စဉ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စစ်ကိုင်းတိုင်း ကလေးမြို့ ထောင်၌ ထားရှိသည်။

အရှင်ဂမ္ဘီရ၏ ဆွေမျိုးသားချင်း တော်စပ်သူများကိုလည်း အာဏာပိုင်များက ဖမ်းဆီးထောင်ချထားသည်။

AAPP အဖွဲ့မှ တရားဝင်ထုတ်ပြန်သော စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၁၉ ဦး ရှိကြောင်း၊ အဆိ
ုပါ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများသည်လည်း နောက်ဆက်တွဲ လူမှုဒုက္ခများကိုလည်းခံစားနေရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က စစ်အစိုးရမှ အကျဉ်းသား ၇၁၁၄ ဦးအား လွတ်ငြိမ်းသက်သာခွင့်ကိုပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးပါဝင်ကြောင်း AAPP အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။