မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အနေအထားကို ကြည့်မယ်ဆိုရင် အားရ ကျေနပ်ဖွယ် အနေအထား တရပ်မှာ ရှိမနေသေး တာကို တွေ့ရပါတယ်။ နိုင်ငံတွင်း အချို့နေရာတွေမှာ ငြိမ်းချမ်းရေး မရရှိသေးတာ၊ စီးပွားရေး ဖွံ့ဖြိုးမှု မရှိသေးတာနဲ့ ဥပဒေ စိုးမိုးမှု ယုတ်လျော့နေတာတွေ စတဲ့ အကြောင်းအရင်းတွေကြောင့် ထိခိုက် နစ်နာမှုတွေ ရှိနေပါ တယ်။

ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ အချိန်မှာတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး ဆုံးရှုံးနေသူများ အတွက် ကာကွယ်ပေးမှု မြှင့်တင်ပေးရန် ရည်ရွယ် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် ကော်မရှင်ရဲ့ ဆောင် ရွက်ချက်တွေဟာ အခွင့်အရေး ဆုံးရှုံးသူ အများစုကို မလွှမ်းခြုံနိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်ကို လူ့အခွင့်အရေး ကြေညာ စာတမ်း ထုတ်ပြန်ကြေညာခဲ့တဲ့ နေ့ဖြစ်တာကြောင့် နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကာ ကမ္ဘာတဝှမ်းတွင် အခမ်းအနားများ၊ လှုပ်ရှားမှုများ ကျင်းပခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ် ကို ဧရာဝတီက သတင်းထောက် ထွန်းထွန်းက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက ဘယ်လိုရှိသလဲ။

မေး ။ ။ လူ့အခွင့်အရေး ကော်မရှင်က၂၀၁၄ ခုနှစ် စက်တင်ဘာမှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အရင် အစိုးရ လက် ထက်မှာ စဖွဲ့ခဲ့တာပေါ့။ အရင်တုန်းက လူ့အခွင့်အရေးဆိုတဲ့ စကားလုံးက တို့နိုင်ငံနဲ့ တော်တော် စိမ်းပါတယ်။ ကျယ်ကျယ် ပြန့်ပြန့်နဲ့ နားလည်ပြီး ဆောင်ရွက်လာနိုင်တာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်။

ဒါကြောင့် ပြည်သူအများစုက မိမိတို့ မူလ အခွင့်အရေး ဘာရှိတယ် ဆိုတာ နားလည်ဖို့ လိုပါတယ်။ နားလည်အောင်လည်း ပညာပေး လုပ်ငန်းတွေကို ဒီထက်ပိုပြီး လုပ်ရမယ်။ နိုင်ငံတော်ရဲ့ ဝန်ကြီးဌာနတွေ၊ ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံနေရ တဲ့ ဌာနဆိုင်ရာတွေ အနေနဲ့လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးသေးတဲ့ အတွက် သူတို့ကိုလည်း ပညာပေးတွေ လုပ်နေရတယ်။

ဒီလိုလုပ်ရင်းနဲ့မှ ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက် နစ်နာမှုတွေကို ကော်မရှင် ဥပဒေ အရ တိုင်စာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ တိုင်ကြားစာတွေကလည်း ကော်မရှင်ကို အဆက်မပြတ် ရောက်ရှိ နေပါတယ်။ ဒါက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ရပိုင်ခွင့်တွေကို ပိုမို နားလည်းလာတယ်လို့ ယူဆရပြီး တိုင်ကြားမှုတွေက လည်း ပိုများလာပါတယ်။

မေး ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေမှာ ဘယ်လို ပုံစံမျိုးတွေ အများဆုံး တွေ့ရလဲ။

ဖြေ ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ပုံစံ မျိုးစုံပါပဲ။ အိမ်ဖော်တွေကို နှိပ်စက်တာတွေ၊ ကလေးငယ်တွေကို လိင်ပိုင်း ဆိုင်ရာ စော်ကားတာတွေ စတဲ့ အမျိုးမျိုး ရှိနေကြတယ်။ ဒီနိုင်ငံမှာက အခု လူ့အခွင့်အရေး ဆိုတာကို ကျယ် ကျယ်ပြန့်ပြန့် သုံးလာကြတဲ့ အခါ ဒါနဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေက နယ်ပယ်စုံမှာ အနည်းအများ ဖြစ်နေကြတယ် ဆိုတာ တွေ့ရပါတယ်။

မေး ။ ။ လက်ရှိမှာ လူ့အခွင့်အရေး တောင်းဆိုသူတွေ၊ မြေယာ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ တောင်းဆိုတဲ့ လူထုတွေ ပုဒ်မတွေ တပ်ပြီး တရားစွဲခံနေရတဲ့ ကိစ္စ ကော်မရှင် အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ ဒါတွေက ခုမှ ဖြစ်နေတာ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက အခြေတည်လာပြီးမှ ပေါ်ထွက်လာတဲ့ ပြဿနာတွေပါ။ အဲဒီမှာ သနားဖို့ ကောင်းတာက ဒေသမှာရှိပြည်သူတွေပဲ။ သူတို့က ဥပဒေနဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါးတာလဲ ပါတာပေါ့။ သူတို့ရပိုင်ခွင့် ပိုင်ဆိုင်ခွင့်တွေကို ဥပဒေနဲ့ ဘယ်လို လုပ်ရမလဲ နားမလည်ကြဘူး။

ဒီမြေဒီရေမှာ လုပ်ကိုင်နေရင် ပိုင်ဆိုင်မှုလို့ ထင်နေကြတယ်။ အစိုးရပိုင်း ကျတော့လည်း ဥပဒေ အရ စာရင်းမဝင်ထားတဲ့ မြေယာတွေကို ဖွံ့ဖြိုးရေး ကိစ္စဖြစ်ဖြစ် အကြောင်းတခုခုကြောင့် စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါ ပိုင်ဆိုင်မှုတွေ အငြင်းပွား လာကြရော။

ဥပဒေအရ ကြည့်တော့ ဒေသခံမှာ ဖယ်ပေးရပြီး လုပ်ကိုင်စရာ မရှိဘဲ ဘဝတွေ ပျက်ဆီးရတဲ့ အထိ ဖြစ်နေတာတွေလည်း ရှိတယ်။ ဒီအတွက် ဒေသခံပြည်သူတွေကို ဥပဒေ အရ ပိုင်ဆိုင်မှုတွေ ရရှိဖို့ ပညာပေးတွေ လုပ်ရမယ်။ အစိုးရ ကလည်း ဒီကိစ္စတွေကို ကြပ်ကြပ်မတ်မတ်နဲ့ ဥပဒေတွေကို ရေးဆွဲ ကိုင်တွယ်ဖို့ လိုတယ်။

မေး ။ ။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြည်သူ အပေါ် ကိုင်တွယ် ဆက်ဆံပုံနဲ့ ပတ်သက်လို့ ဝေဖန်မှုက ပြင်းထန်နေတယ်။ အချုပ် သား တချို့ သေဆုံးရတဲ့ ဖြစ်စဉ်တွေ အထိပါ ရှိလာနေတယ် ဆိုတော့။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာ လူမျိုးတွေမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ကို အခြေခံကာ တဦးနဲ့ တဦး လုပ် ဆောင်မှုတွေက အနည်းနဲ့အများ ကွာခြားမှု ရှိပါတယ်။ ပြည်သူနဲ့ ထိတွေ့ဆက်ဆံနေတဲ့ သူတွေအနေနဲ့လည်း ရည်ရွယ် ချက်တခုနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာ မဟုတ်ဘဲနဲ့ ချိုးဖောက်မှန်း မသိ ချိုးဖောက်လိုက်တယ်။

သူတို့ ကိုယ်တိုင်က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးလို့ ဖြစ်သွားတာတွေလည်း တွေ့ရတယ်။ မှန်ကန် တဲ့ ချိုးဖောက်မှုတွေကို စစ်ဆေး ဖော်ထုတ်လို့ တွေ့ရှိတဲ့အခါမှာလည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနကို အကြောင်းကြားပြီး စုံစမ်း အရေးယူမှုတွေ ပြုလုပ်ဖို့ အကြံပြုချက် အစီအရင်ခံစာတွေ ပို့ပါတယ်။

ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အများဆုံး ဖြစ်ပွားနိုင်တဲ့ တပ်မတော်တို့၊ ရဲတပ်ဖွဲ့တို့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ပညာပေး လုပ်ငန်း တွေကို ဟောပြောပို့ချမှုတွေ လုပ်နေပါတယ်။ ချိုးဖောက်မှုတွေကတော့ ရှိနေ ဆဲပါပဲ။ ဖြည်းဖြည်းချင်း လျော့ပါးအောင်တော့ ပညာပေးရော၊ ကာကွယ်ရေးကော လုပ်နေပါတယ်။ အုပ်ချုပ်ရေး၊ ဌာနဆိုင် ရာတွေကော ပြည်သူတွေပါ လူ့အခွင့်အရေးကို သိရှိ နားလည်လာတာနဲ့ အမျှ ချိုးဖောက်မှုတွေလည်း လျော့ကျလာမယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကော်မရှင် အနေနဲ့ ကိုင်တွယ်ခဲ့တာ ရှိ သလား။

ဖြေ ။ ။ ပဋိပက္ခ ဖြစ်နေတဲ့ ဧရိယာတွေမှာတော့ သူ့ဘက် ကိုယ်ဘက်မှန်း မသိဘဲ ဖြစ်နေတာတွေမှာ ကြားထဲက ခံရတာ ကတော့ ဒေသခံ ပြည်သူ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ နှစ်ဖက်လုံးရဲ့ မြေစာပင်ဖြစ်တဲ့ ဒေသခံတွေမှာ လူ့အခွင့် အရေးအရ နစ်နာမှုတွေအများကြီး ဖြစ်ပေါ်ရတယ်။

တပ်မတော်ဘက်က လုပ်တာကော လက်နက်ကိုင် အဖွဲ့တွေက လုပ်တာကော လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေ ကရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို အရေးယူ ဆောင်ရွက်တယ် ဆိုတာ မသိရလို့ မပြောလိုဘူး။ တပ်မတော်နဲ့ ပတ်သက်ရင်တော့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးအရေးယူ ဆောင်ရွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဥပမာ တခုအနေနဲ့ တပ်မတော် စစ်ကြောင်းက ဗိုလ်ကြီး တဦးက ဒေသခံ အမျိုးသားတဦးကို မိသားစုချင်း ရန်ဖြစ်တဲ့ ကိစ္စမှာ တပ်ကို လာတိုင်တော့ ခေါ်စစ်ရင်းနဲ့ ပြန်လှန် ပြောဆိုကြတဲ့အခါ လက်လွန်ပြီး ပစ်သတ်လိုက်တဲ့ ကိစ္စဖြစ်တယ်။ ဒီကိစ္စမှာ စစ်ဆေးပြီးတင်ပြလိုက်တော့ တပ်ဘက်ကလည်း အရေးယူခဲ့သလို လူသတ်မှု အတွက်လည်း အရပ်ဘက် တရား ရုံးမှာ စစ်ဆေး အရေးယူမှု လုပ်နိုင်ခဲ့တယ်။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တိုင်ကြားမှု ရှိလာတဲ့အခါ အရေး ယူမှုကလည်း ရှိလာပါတယ်။

မေး ။ ။ တပ်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာခဲ့ရင် ကော်မရှင်အနေနဲ့ ဆောင်ရွက်ရာမှာ အခက် အခဲ ရှိလား။

မေး ။ ။ အဲဒါက နှစ်ပိုင်း ရှိပါတယ်။ အထောက်အထားနဲ့ တိုင်ကြားမှုတွေကို တပ်စည်းကမ်း ဥပဒေ အရ အရေးယူတာ ရှိသလို နယ်ဘက် ပြစ်မှု ဆိုင်ရာ ဥပဒေနဲ့ အရေးယူရမှာတွေ ရှိရင် အရေးယူမှုတွေ ရှိလာပါတယ်။ ချိုးဖောက်မှုတွေကို လိုက်ပါ လုပ်ဆောင်ရာမှာ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့တော့ သိပ်အခက်အခဲ မရှိပါဘူး။

တတ်နိုင်သရွေ့ တွေ့ရှိချက်တွေကို အကြောင်းကြား တင်ပြတဲ့ အပေါ်မှာ ကာကွယ်ရေး ဝန်ကြီးဌာနက ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိပါတယ်။ တပ်ဖြစ်ဖြစ် ဌာနဆိုင်ရာတေ ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိလာရင် ကော်မရှင် ကတော့ စုံစမ်း ဖော်ထုတ်ပြီး တွေ့ရှိချက်ကို အကြံပြုမယ်၊ အကြံပြုချက်ကို ပြည်သူထံထုတ်ပြန်ရမယ်။ ဒါကိုမှ လိုက်ပါ ဆောင်ရွက်ဖို့က သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနတွေပဲ။

ကော်မရှင်က ဖမ်းတဲ့ အလုပ်ကို လုပ်ဖို့ မဟုတ်ဘူး။ နစ်နာဆုံးရှုံးမှုတွေ ရှိလာရင် ဖော်ထုတ် တင်ပြဖို့ပဲ။ တင်ပြ အကြံပြု ချက်တွေကိုမှ လိုက်မလုပ်တာကတော့ သူတို့အပိုင်း သူတို့တာဝန်။ အဲဒီအခါ တာဝန်ယူ တာဝန်ခံတဲ့ ဌာနတွေက ပြည်သူ ထံရှင်းရမှာပါပဲ။

မေး ။ ။ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ ပြင်းပြင်းထန်ထန် ရှိနေတဲ့ အပေါ် ကော်မရှင်အဖွဲ့ဝင် တဦးအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အနေနဲ့ ပြောရတာ တော်တော် ခက်ပါတယ်။ ဒါတွေက တထိုင်ထဲ ပြောလို့ မရပါဘူး။ ပြဿ နာတခုက ဘယ်လိုပဲ စွပ်စွဲစွပ်စွဲ အဓိကကျတဲ့ ခိုင်မာတဲ့ သက်သေရှိဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း ပါးစပ်နဲ့ စွပ်စွဲပြောဆိုနေ တာကတော့ ဘယ်သူဖြစ်ဖြစ် ပြောလို့ရတယ်။

ဘယ်လို ကျူးလွန်တယ်၊ ဘယ်လို လုပ်တယ် ဆိုတာတော့ ခိုင်ခိုင်မာမာ သက်သေပြဖို့တော့ လိုတာပေါ့။ စွပ်စွဲတဲ့သူတွေက ခိုင်မာတဲ့ သက်သေတွေနဲ့ ပြောဆိုလာတဲ့ အခါ စွပ်စွဲခံရသူက ပြန်ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။ အခြေခံကတော့ ဒါပါပဲ။

မေး ။ ။ ထောင်တွေ အတွင်းမှာရော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ ဘယ်လို ရှိနေသေးလဲ။

ဖြေ ။ ။ အကျဉ်းထောင် ဆိုတာက ဘယ်သူမှ မနေချင်၊ မသွားချင်တဲ့ နေရာ။ ဒီလိုနေရာကို ရောက်လာတယ် ဆိုတာက လည်း သူတို့မှာ ဘယ်သူမှ မမြင်နိုင်တဲ့ အကြောင်းတရားတွေ တိုက်ဆိုင်မှုတွေ၊ ကံဆိုးမှုတွေ ရှိပါတယ်။ ရောက်လာတဲ့ သူ တွေ အကုန်လုံးက စိတ်ဓာတ်ရေးရာ အရကော အကုန်လုံး ကျဆင်းပြီး ရောက်လာတဲ့ သူတွေ များပါတယ်။

အဲ့ဒီမှာ ကောင်းတဲ့သူတွေ ပါသလို ဆိုးတဲ့သူတွေ ပါတယ်။ ဒီလိုလူတွေကို အုပ်ချုပ်ရတဲ့ အခါမှာ အုပ်ချုပ်သူ ထောင်ပိုင် တဦးစီရဲ့ စီစဉ်ဆုံးဖြတ်မှုက ကောင်းရင် ကောင်းသလို မကောင်းရင်တော့ ထိခိုက် နစ်နာမှုတွေက ရှိလာနိုင်တယ်။ ကိုယ်ချင်းစာ တရားနဲ့ အုပ်ချုပ်တတ်သူနဲ့ တွေ့တဲ့ ထောင်တွေမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုက နည်းပါးပါတယ်။

တဖက်မှာလဲ သူတို့မှာ လုံခြုံရေး အရ ပြန်ကြည့်ရတဲ့ အပိုင်းတွေ ရှိပါတယ်။ အဓိကတော့ ထောင်တွေမှာထက် အလုပ် စခန်းတွေမှာ လူ့အခွင့်အရေး အရ ထိခိုက်နစ်နာမှုတွေ များပါတယ်။ ကော်မရှင်အနေနဲ့ တောက်လျောက် ကြည့်ရှု စစ်ဆေး မှုတွေ လုပ်နေပါတယ်။ နောက်ပိုင်းတော့ အကျဉ်းသားတွေအနေနဲ့ ကော်မရှင်က လာတဲ့အခါ တင်ပြချင်တဲ့ ကိစ္စတွေကို ပိုမို လွတ်လပ်မှု ရှိရှိ တင်ပြလာနိုင်သလို အခြေခံ ရပိုင်ခွင့်လေးတွေ ပိုမိုရရှိလာနိုင်တာကိုလည်း တွေ့ရပါတယ်။

မေး ။ ။ ကော်မရှင်ရဲ့ အကြံပြု တင်ပြချက်တွေကို လိုက်ပါ အကောင်အထည် ဖော်သူတွေကရော လူ့အခွင့်အရေးကို ဘယ်လောက်ထိ နားလည်တယ်လို့ ထင်လဲ။

ဖြေ ။ ။ အုပ်ချုပ်ရေး ဘက်က လူတွေကတော့ သူတို့ရဲ့ အုပ်ချုပ်ရေး အမြင်နဲ့ပဲ လုပ်ဆောင်ကြတာတဲ့ နေရာမှာ သူတို့ မမြင်တဲ့ လူ့အခွင့်အရေး ရှုထောင့်ကို ကျနော်တို့ ကြည့်ပေးပြီး လိုအပ်ချက်ကို ဖြည့်ပေးနေတာ။ ဒီလိုဖြည့်ပေးတဲ့ အတွက် အသိတရား ရှိတဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ လက်ခံကြတယ်။ ဒါဟာ ဖြစ်သင့်တယ်၊ လိုက်လုပ်ဖို့ သင့်လျော် တယ် ဆိုတာမျိုး ရှိကြတယ်။

တချို့ကျတော့ ဘယ်လိုဖြစ်တယ် ဘာညာနဲ့ ဆင်ခြေတွေ အမျိုးမျိုး ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်ထက်စာရင် ကော် မရှင်ရဲ့ အကြံပြုချက်တွေကို တော်တော်လေး လိုက်နာ ဆောင်ရွက် လာကြတာ တွေ့ရတယ်။ အကြံပြုချက်တွေကလည်း သူတို့ကို အပြစ်ရှာနေတာ မဟုတ်ဘူး။ သူတို့မမြင်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ နစ်နာမှုတွေကို ဖော်ထုတ်ပြီး တင်ပြပေးတာ။ ဒါတွေကို အကျိုးရှိအောင် အသုံးချနိုင်ရင် သူတို့အတွက် အကျိုးရှိတယ်။ ပြည်သူတွေ အတွက်လည်း အကျိုးရှိလာမယ်။

မေး ။ ။ လူ့အခွင့်အရေး ဆိုင်ရာ သိရှိမှု အခြေအနေကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ ။ ။ အဓိကတော့ လူထုတွေက ဒါတွေကို မသိခဲ့လို့ သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်လို့ ချိုးဖောက်နေမှန်း မသိလို့ ခံလိုက်ရတာတွေ ရှိပါတယ်။ နည်းပညာနဲ့ ဆက်သွယ်ရေးတွေ ထွန်းကားလာတဲ့ အခါကျတော့ ဒီကနေပိုမို သိလာတာ တွေရှိတယ်။ သတင်းတွေ၊ လူမှုကွန်ရက်တွေ ဖွံ့ဖြိုးလာတဲ့ အခါကျတော့ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေက ပိုမို ပေါ်ထွက်လာကြတယ်။

အရင်ကတည်းက ရှိနေတာတွေက ကျနော်တို့ မသိတာတွေလည်း ရှိနိုင်တယ်လေ။ အရင်က ဘာမှန်းမသိကျတော့ လူမသိ ဘဲ ပြီးသွားကြတဲ့ ကိစ္စတွေ ရှိတယ်။ ဒီဘက်ခေတ်ကျတော့ အသေးအမွှားက အစ သိနေကြတဲ့ အခါကျတော့ အမှုတွေက ပိုများ လာတဲ့ သဘော ရှိပါတယ်။ ကော်မရှင်ကတော့ မြို့ပေါ်ရော၊ ကျေးလက်တွေ အထိပါ ပညာပေး လုပ်ငန်းတွေ ဆက် လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

မေး ။ ။ ဆောင်ရွက်ပြီးသမျှ လုပ်ဆောင်မှုတွေမှာရော ဘယ်လောက် တိုးတက်မှု ရှိသလဲ။

ဖြေ ။ ။ ကော်မရှင်က အခု ၄ နှစ်သား လောက်ပဲ ရှိသေးတယ်။ ဒီလိုအချိန်မှာ ကော်မရှင်မှာလည်း စိန်ခေါ်မှုတွေ အများ ကြီး ရှိပါတယ်။ ကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့် ရည်ရွယ်ချက်တွေ အောင်မြင်ဖို့က ကော်မရှင် အားကောင်းပြီး ရေရှည် တည်တံ့ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့က အစိုးရနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့တွေ၊ လူမှုရေး အဖွဲ့အစည်းတွေက ပူးပေါင်း လုပ်ဆောင်မှသာ တိုးတက်လာမှာ ဖြစ်ပါတယ်။

မေး ။ ။ ပြည်သူတွေကို ဘာများ ပြောချင်ပါသေးလဲ။

ဖြေ ။ ။ ဒီနေ့ ဒီဇင်တာ ၁၀ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့်မှာ မြန်မာနိုင်ငံ သူ/သားတွေကလည်း အသိပညာတွေ ပိုမို သိရှိပြီး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ ပူးပေါင်း ဆောင်ရွက်ပြီး လူ့အခွင့် အရေး ပြည့်ဝတဲ့ နိုင်ငံတခုကို တည်ဆောက်ကြမယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတွေအနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်။

Irrawaddy News