မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေဟာ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇ဝ) ပြည့်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ မြန်မာသမ္မတက ပြောကြားခဲ့တာပါ။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေရာမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့အသီးသီးတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်တွေကို ကာကွယ်လေးစားလိုက်နာ ကျင့်သုံးကြစေဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ သမ္မတ ဦးဝင်းမြင့်က ကတိပေး ပြောပါတယ်။

နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ အတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ပုဂ္ဂလိကမီဒီယာ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဟာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က ကတိသစ္စာပြုချိန်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁ဝ ရက်နေ့ ကို ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အဖြစ် ဂုဏ်ပြုသတ်မှတ်ပြီး အခမ်းအနားတွေကို ကမ္ဘာအနှံ့ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးနေ့ကို စစ်အစိုးရလက်ထက်က ပေါ်ပေါ်ထင်ထင်ကျင်းပ နိုင်ခဲဲ့ခြင်း မရှိဘဲ အရပ်သားအစိုးရလက်ထက်မှတရားဝင်ကျင်းပခွင့်ရတာဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုချမှတ်ရာမှာ ထောက်ခံမဲပေးခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ပထမဆုံး ထောက်ခံခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုဝင်ဘာလအထိ လက်ခံရရှိတဲ့ တိုင်တန်းချက်ပေါင်း ၂၈၁၈ စောင်အနက် ၉၆၆ စောင်ကို စိစစ်ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းစစ်ဆေး မှုပေါင်း ၁၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ထုတြ်ပန်ထားပါတယ်။

ဒါ့အပြင် အကျဉ်းထောင် ၂၅ခု၊ ကျောက်ထုတ်စခန်း ၁ဝခု ၊စိုက်ပျိုးမွေးမြူရေး အတတ်သင်စခန်း ၁၂ခု၊ ရဲစခန်းအချုပ်ခန်း ၃၂ခု၊ တရားရုံး အချုပ်ခန်း ၃၂ ခု၊ ဆေးရုံအချုပ်ခန်း ၁၅ခုနဲ့ ဘိုးဘွားရိပ်သာ ၅ ခု သွားရောက် စစ်ဆေးခဲ့တယ်လို့လည်းဆိုပါတယ်

DVB News