ရက်စွဲ။ ။ ၁၇ ဇွန် ၂၀၁၈။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော AAPP Counseling Program ၏ facebook လူမှုကွန်ယက် စာမျက်နှာကို စတင်တည်ထောင်ဖွင့်လှစ်လိုက်ပါပြီ။

မိသားစုအရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အကြောင်းအမျိုးမျိုးကြောင့် သင်စိတ်ဓါတ်ကျနေပါသလား (သို့) စိတ်ဖိစီးနေပါသလား။ ဒါတွေကို လျော့ပါးစေနိုင်ဖို့အတွက် AAPP Counseling Program က ကူညီပေးနိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းအများစုပါဝင်လုပ်ဆောင်နေသောထိုအစီအစဉ်ကို ၂၀၁၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်ကစလို့ မြန်မာနိုင်ငံတွင်းမှာ စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။ နည်းပညာကို အမေရိကန်နိုင်ငံ Johns Hopkins Bloomberg School of Public Health က ပါမောက္ခတွေက သင်ကြားပေးခဲ့တာဖြစ်ပြီး သူတို့ရဲ့ လမ်းညွှန်မှုတွေနဲ့ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ယခု ၂၀၁၈ ခုနှစ်တွင်အစီအစဉ်တာဝန်ခံ ၁ ယောက်၊ သင်တန်းနည်းပြ ၂ ယောက်၊ စူပါဗိုက်ဆာ ၄ ယောက်၊ ကောင်စယ်လာ ၁၈ ယောက် တို့သည် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ တို့တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မိသားစုဝင်များ၊ လူကုန်ကူးခံရသူများ၊ စစ်ပြေး ဒုက္ခသည်များ၊ ကလေး စစ်သားဟောင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများ၊ အကျဉ်းသားဟောင်းများ၊ HIV ဝေဒနာသည်များ၊ ပြည်တွင်းနေရပ်စွန့်ခွါ တိမ်းရှောင်သူများ (IDPs)၊ LGBTIQA များ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ ဆင်းရဲမွဲတေမှု၏ သားကောင်များ၊ ညှဉ်းပမ်းနှိပ်စက် ခံရသူများ၊ အဓမ္မပြုကျင့်ခံရသူများ၊ အိမ်တွင်းအကြမ်းဖက်မှုခံရသူများ၊ အငြိမ်းစား သက်ကြီးရွယ်အိုများ စသည့် လူဦးရေ ၂၂၀ဝ ကျော် ကိုလူထုအခြေပြုကောင်စဲလင်း ဝန်ဆောင်မှု ပေးပြီးဖြစ်သည်။
ထို့ပြင် AAPP ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်ကို မြန်မာနိုင်ငံအစိုးရ ဝန်ကြီးဌာနဖြစ်သော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တွေ့ဆုံ၍ AAPP အနေဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်မှုများကိုဆွေးနွေးခဲ့ပြီး ၂၀၁၇ခုနှစ်ဆန်းမှ စတင်၍ ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးများသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတို့နှင့် ကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းများမှ သင်တန်းသူ၊ သင်တန်းသားများမှ လိုအပ်နေသူများကို စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေး ကောင်စဲလင်းပေးခြင်းကို ဆောင်ရွက်လျှက်ရှိပါသည်။

ဒီအစီအစဉ်ဟာ _
 သင့်ကို အနှောက်အယှက်ပေးနေတဲ့ အတွေးတွေ၊ ခံစားချက်တွေကို သက်သာလျော့ပါးစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
 သင့်မိသားစုအတွင်းအဆင်မပြေဖြစ်မှုတွေ၊ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေဖြစ်မှုတွေ ကိုလည်း ပိုမိုကောင်းမွန်လာစေဖို့ အတွက် ကူညီပေးနိုင်ပါတယ်။
 သင့်ရဲ့ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်ပြီး မလုပ်နိုင်တဲ့ကိစ္စတွေ၊ လုပ်ငန်း ခွင်အဆင်မပြေဖြစ်မှုတွေကိုလည်း အတူပူးပေါင်းဖြေရှင်းတဲ့နည်းနဲ့ အကူအညီတွေ ရရှိမှာ ဖြစ်ပါတယ်။
 လတ်တလောဖြစ်နေတဲ့အခက်အခဲပြဿနာတွေ၊ မျှော်လင့်ချက်မဲ့နေတာတွေကို သက်သာလျော့ပါးသွား အောင်၊ ဖြေရှင်းနိုင်အောင် အကူအညီပေးမှာ ဖြစ်ပါတယ်။
 သင့်မှာ(သို့) သင့်မိသားစုမှာ အရက်အလွန်အကျွံ သုံးစွဲမှုကြောင့် လက်ရှိလူနေမှုဘဝကို ထိခိုက်နေပါ သလား။ သင့်အနေနဲ့အရက်သောက်သုံးမှုကို ပြောင်းလဲချင်စိတ်ရှိတယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းညွှန်ကူညီပေးသွားမှာပါ။
မှတ်ချက်။ ။ကာယကံရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ၊ အကြောင်းအရာတွေအားလုံးကို ပေါက်ကြားမှုမရှိအောင် အထူးလျှို့ဝှက်ပေးထားမှာ ဖြစ်ပါတယ်။

AAPP Counseling Program ရဲ့ ကောင်းစဲလင်းဝန်ဆောင်မှုကို ရယူချင်သူတွေအတွက် AAPP ရဲ့ ကောင်စယ်လာတွေဟာ အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ပေးသလို AAPP ရုံးက ကောင်စဲလင်းဌာနကိုလည်း လာရောက်နိုင်ပါတယ်။ မိမိတို့နဲ့ အဆင်ပြေသလို ရွေးချယ်နိုင်ပါတယ်။
ထပ်မံပြီး သိလိုတာရှိခဲ့ရင်တော့ AAPP ရုံးတည်ရှိတဲ့
အမှတ် ၇၅၊ ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံ ကို ဖြစ်ဖြစ်
ဦးကျော်စိုးဝင်း ၊ ဖုန်းနံပါတ် 09 77433 6760
ဒေါ်ခင်ငြိမ်းချမ်းစိုး၊ ဖုန်းနံပါတ် 09 78888 1990
ဦးထင်အောင်၊ ဖုန်းနံပါတ် 09 42248 8831
ဒေါ်သန်းသန်းဌေး 0931284464 တို့ကိုဖြစ်ဖြစ်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်
AAPP Counseling Program

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *