ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ဆွစ်ဇာလန်သံ အမတ်ကြီး မစ္စခရစ္စတင်း ရွှာနာဘာဂီနာကို ခန့်အပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်က ဧပြီ ၂၆ ရက်မှာ ကြေညာပါတယ်။မစ္စဘာဂီနာဟာ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀ဝ၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ ပြည့်နှစ် ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပဋိပက္ခအတွင်း နှစ်ဖက်အကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပြီး ဆွစ်ဇာလန်-ထိုင်းကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။မစ္စဘာဂီနာဟာ ဇူးရစ်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့ပြီး ဆွစ်ဇာလန် နိ်ုင်ငံခြားရေးဌာနမှာ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေဌာန အကြီးအကဲတာဝန်အပြင် တခြားအဆင့်မြင့်တာဝန်တွေ ယူခဲ့သူဖြစ်ပြီး သံတမန်လောကမှာ နှစ်ပေါင်း ၂၅ နှစ်လောက် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။သူ့ရဲ့ခင်ပွန်းဖြစ်သူ ခရစ္စတိုဖာဘာဂီနာဟာလည်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းလက်ထက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ အိန္ဒိယ ဝါရင့်သံတမန် ဗီဂျေနမ်ဘီးယားဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာကတည်းက တာဝန်ပြီးဆုံးသွားတဲ့အတွက် သူ့နေရာမှာ အသစ်ခန့်အပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက အတွင်းရေးမှူးချုပ်ဂူတာရပ်စ်ကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။ဗီဂျေနမ်ဘီယားကတော့ ၂၀၁၀ ကနေ ၂၀၁၆ ခုနှစ်ထိ တာဝန်ယူခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်တဲ့နေရာတွေကို မကြာခဏ သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တက်ရောက်လေ့လာခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ကူညီ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်လို့ ကုသလမဂ္ဂမှာ ပုံမှန် အစီရင်ခံတင်ပြခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်ခါနီး ရက်ပိုင်းအလိုမှာ ခုလို မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ကို ခန့်အပ်တာဝန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-Blick

DVB News

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *