အတွင်းရေးမှူး၏ အမှာစကား
၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ မျှော်မှန်း ထားခဲ့တဲ့ အလုပ်တွေ အောင်အောင်မြင်မြင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။
သို့သော်လည်း အေအေပီပီပါဝင်ခဲ့တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီကတော့ အစည်းအဝေး သုံးကြိမ်သာ ခေါ်နိုင်ခဲ့ပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားရော၊ ထပ်မံဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား တွေရော မလွတ်မြောက်ခဲ့ပါဘူး။
အေအေပီပီဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးအစီအစဉ်နဲ့ နိုင်ငံရေးအကျဉ်း သားဟောင်း ၃၀ဝခန့်ကို နှစ်သိမ့် ဆွေးနွေးရေး လုပ်ပေးနိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး သင်တန်းများ ပေးနိုင်ခဲ့သလို နိုင်ငံရေးအကျဉ်းသားဟောင်း အချို့ကို အသက်မွေးဝမ်းကျောင်း သင်တန်း ပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီး ၂၀ ကျော်ကို အင်္ဂလိပ်စာ၊ ကွန်ပြူတာ (၆) လ စခန်းသွင်း သင်ကြားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ရဲ့ ကျမ္မာရေး၊ ပညာရေး ကိစ္စများကို ကူညီပေး ခဲ့ပါတယ်။ သို့သော်လည်း ရရှိလာတဲ့ ရံပုံငွေပေါ်မှာ မူတည်ပြီး အကန့်အသန့်ရှိပါတယ်။
ရန်ကုန်နဲ့ မန္တလေး ရုံးများ အဆင်ပြေစွာ လည်ပတ်နိုင်ခဲ့ပါတယ်။ အခြားနိုင်ငံရေးအကျဉ်းသားအရေး၊ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများနဲ့ ပိုမိုဆက်စပ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့နဲ့ ပူးပေါင်းပြီး ပထမအကြိမ် ကျဆုံးနိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲကို ပြုလုပ်နိုင်ခဲ့ပြီး ၁၉၆၂ ခုနှစ်က စလို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများ စာရင်းများ၊ မှတ်တမ်းများ ကောက်ယူမှုတွေကို ပူးတွဲပြီး ကောက်ခံခဲ့ပါတယ်။ ဒုတိယအကြိမ် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် သတ်မှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အခြားအဖွဲ့အစည်းများနဲ့ ပြုလုပ်နိုင်ခဲ့ပါတယ်။
သို့သော်လည်း အေအေပီပီရဲ့ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတွေလည်း အများကြီးရင်ဆိုင်နေရဆဲပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ကုန်စင်အောင် မလွတ်မြောက်သေးတဲ့အပြင် တက်ကြွလှုပ်ရှားသူတွေ၊ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လယ်သမား၊ အလုပ်သမားတွေဟာ တရားရင်ဆိုင်ရ၊ ထောင်ချခံနေဆဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ၂၀၁၃ အကုန်မှာထက် ၂၀၁၄ အကုန်မှာ ပိုမိုများပြားလာတာကိုတွေ့ရမှာပါ။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ရှိမြဲရှိနေဆဲပါ။ အသွင်ကူးပြောင်းရေးလမ်းစလည်း ဝေးကွာနေဆဲပါပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ ဦးတည်ချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသ၍တော့ ရှေ့တက်လှမ်းဖို့ ခက်နေဦးမှာ ဖြစ်ပါတယ်။

တိတ်နိုင်
အတွင်းရေးမှုး
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နှစ်ပတ်လည်အစီရင်ခံစာ ဒေါင်းလော့ရယူရန်

ဆက်သွယ်ရန်

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆ (ဝ) ၈၁ ၉၆၂၈ ၇၁၃

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *