ကျှောမင်းယု နှင့် ၈၈ မျိုးဆက် ကျောင်းသားများ (Getty Images)

ကျှောမင်းယု နှင့် ၈၈ မျိုးဆက် ကျောင်းသားများ (Getty Images)

(ဧရာဝတီ) စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံ ယုံကြည်မှု ရရှိလိုပါက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန်လိုကြောင်း လူ့အခွင့်အရေး

စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်သည်။

“မြန်မာ့ အမေ့ခံ အကျဉ်းသားများ”ဟု ခေါင်းစဉ်ပေးထားသည့် စာမျက်နှာပေါင်း ၃၅ မျက်နှာပါရှိသော အစီရင်ခံ စာကို HRW အဖွဲ့က ထုတ်ပြန် တောင်းဆိုလိုက် ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်တို့ တွေ့ဆုံခဲ့ပြီး တရက် အကြာ စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ကျင်းပသော ဝါရှင်တန် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် အထက်လွတ်တော်အမတ် Barbara Boxer က“စစ်အစိုးရရဲ့ မကောင်းတဲ့ လုပ်ရပ်ကို မထောက်ခံသင့်ပါဘူး” ဟုဆိုသည်။

မစ္စတာဂျင်မ်ဝက်ဘ် အနဖြေင့် သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း့ မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သော အခြေအနေ၊ စစ်အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းကာ တားမြစ် ပိတ်ဆို့အရေးယူ ဆောင်ရွက်မှုကို ရုတ်သိမ်းသင့်သည် ဟူသော သူ၏ အမြင်ကို ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံရာတွင် အစီရင်ခံ တင်ပြနိုင်ကြောင်း လေ့လာသူများက ဆိုသည်။

ဝါရှင်တန် HRW အဖွဲ့ ဒါရိုက်တာ တဦးဖြစ်သူ Tom Malinowskiက “စစ်အစိုးရအနေနဲ့ လာမယ့်နှစ် ရွေးကောက် ပွဲ အတွက် ပြင်ဆင်နေပေမယ့် အတိုက်အခံတွေကို ထောင်ချထားတာက ရှက်စရာပါ၊ အမေရိကန် ပြည်ထောင်စု တရုတ်၊ အိန္ဒိယ အပါအဝင် မြန်မာရဲ့ အိမ်နီးနားချင်း အရှေ့တောင်အာရှ နိုင်ငံတွေက စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်း တဲ့ အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အဓိကထားသင့်တယ်” ဟု ပြောသည်။

စစ်အစိုးရ၏ အကျဉ်းထောင်များအတွင်းတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် လွန်ခဲ့သည့် ၂ နှစ်က ထက် ၂ ဆတိုးလာခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ပါဝင် ဆန္ဒပြခဲ့ကြသူများနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြသော ထင်ရှားသည့် နိုင်ငံရေး ခေါင်းဆောင်များ၊ သံဃာတော်များ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ အနု ပညာရှင်များကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည့် အတွက် နိုင်ငံရေး အကျဉ်းသား အရေအတွက်သည် ၂၂၀၀ ခန့်ရှိသွားကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

ယခုကဲ့သို့ အရေးကြီးသည့် အချိန်အခါတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် မြန်မာ အစိုးရ၏ မိတ်ဆွေနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှားနှင့် အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ(UNSC)အဖွဲ့ဝင်နို်င်ငံများ၊ အခြားသော အဖွဲ့အစည်းများကလည်း စစ်အစိုးရအား နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဖိအားပေးသင့်ကြောင်း HRW က တောင်းဆို ထားသည်။

အဖွဲဝင် ၄၇ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၁၂ ကြိမ်မြောက် အစည်းအေဝးတွင် ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာ မင်းကြီး မစ္စ
နာဗီပီလေးကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးထားခြင်းသည် ဒီမိုကရေစီ ကူးပြောင်းရေးကို ဖော်ဆောင်နေသည် ဟူသော စစ်အစိုးရပေးထားသည့် ကတိအား ကိုယ်တိုင် ပျက်ရယ်ပြုရာရောက်သည့်အတွက် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။