၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်

Burma Issues မှ စောကွယ်စေး (ခ) Kyaw Kweh (၄၃နှစ်) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက် (တနင်္လာနေ့) နံနက် ၅ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။

စောကွယ်စေးသည် ၁၉၉၀ ခုနှစ် Burma Issues / Peace Way Foundation Burma စတင်ဖွဲ့စည်း ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး Country Coordinator, Planning Committee, Advocacy and Campaign Coordinator စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တွင်လည်း စတင်ဖွဲ့စည်းစဉ်ကတည်းက အစဉ်တစိုက် ပူးပေါင်းပါဝင်ခဲ့သူတဦးဖြစ်ပြီး စီမံအဖွဲ့ဝင်၊ အကြံပေးအဖွဲ့ဝင်၊ သင်တန်းနည်းပြ စသည့် တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ခဲ့သူတဦးလည်း ဖြစ်ပါသည်။

စောကွယ်စေးသည် မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေးတို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တဦးဖြစ်ပြီး လွတ်လပ်မှု၊ ညီမျှခြင်း၊ တရားမျှတခြင်းတို့အတွက် ကွယ်လွန်ချိန်အထိ စိတ်အားထက်သန်စွာ လှုပ်ရှားဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်။

စောကွယ်စေးကွယ်လွန်ခြင်းသည် မိသားစုအတွက်၊ Burma Issues အတွက်၊ ND-Burma အတွက် သာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးမှုတခုပင် ဖြစ်သည်။

ထို့ကြောင့် စောကွယ်စေး၏ တိုင်းပြည်အကျိုးဆောင်ရွက်မှုများ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများကို မိမိတို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ဂုဏ်ပြုမှတ်တမ်း တင်ရင်း စောကွယ်စေးကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

စောကွယ်စေး (ခ) Kyaw Kweh ကောင်းရာသုဂတိလားပါစေ..

ခရစ်တော်၌ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ …