သတင်းထုတ်ပြန်ချက်

ND-Burma မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည့်အပေါ် အစီရင်ခံစာထုတ်ပြန်ခြင်း

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်

၂၀၁၆ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုကို လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ခေါ် ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့ခြင်းက ၂၀၁၅ တနှစ်လုံး ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ မှုထက် ပိုမိုများပြားသည်ကို တွေ့ရသည်။

ယခုအစီရင်ခံစာတွင် ၂၀၁၆ ခုုနှစ် ပထမ ခြောက်လအတွင်း များပြားလာသည့် သတ်ဖြတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကိုု မီးမောင်းထိုးဖော်ပြထားရာ၊ ဇန်နဝါရီမှ ဇွန်လအတွင်း သတ်ဖြတ်မှု ၁၅ မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၄၀ မှုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ နှိုင်းယှဉ်ချက်အရ ၂၀၁၅ ခုနှစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့သည့် သတ်ဖြတ်မှု ၁၁ မှု၊ ညှဉ်းပန်း နှိပ်စက်မှု ၂၆ မှုထက် ပိုမိုများပြားကြောင်း သိနိုင်သည်။ ထိုသို့ များပြားလာရခြင်းမှာ ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် ကျူးလွန်ချိုးဖောက်မှုများ ရှိနေပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက ကျူးလွန်နေသည်ကို ထင်ဟပ်ဖော်ပြနေသည်။

အစီရင်ခံစာတွင် အစိုးရသစ်၏ အပြုသဘောဆောင်သည့် ခြေလှမ်းများအဖြစ် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ခုနှစ်၊ သြဂုတ်လကုန်တွင် ခေါ်ယူရန် ကြေငြာခဲ့ခြင်းကို အသိအမှတ်ပြု ထားသည်။ သို့သော်လည်း ညီလာခံတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် အဖွဲ့များကသာ ဆုံးဖြတ်ပိုင် ခွင့်ရှိစေမည့် အားလုံးပါဝင်မှု ကင်းမဲ့စေမှုနှင့်၊ မြန်မာ့တပ်မတော်က တောင်းဆိုထားသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အနေဖြင့် လက်နက်မစွန့်လွှတ်ပါက ဆွေးနွေးညှိနှိုင်းမှုမလုပ်ဟု ငြင်းဆန်ထားသည့်အပေါ် စိုးရိမ်မှုများ တိုးပွားနေသည်။ အစီရင်ခံစာတွင် အားလုံးအပြည့်အဝပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲများကသာ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအား လေးစားလိုက်နာလာစေနိုင်သည့် အရေးကြီးမှုကို ဖော်ပြထားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စစ်တပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါ၀င်လာစေရန် အစိုုးရအား ND-Burma မှ တိုက်တွန်းထားသည်။ ထို့အပြင် လွန်ခဲ့သည့် ၆ လအတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ တိုးပွားလာသည့်အပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားရက်စက်၊ လူမဆန်၊ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် ဆက်ဆံ ပြစ်ဒဏ်ပေးခြင်းများအား ဆန့်ကျင်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) နှင့် နောက် ဆက်တွဲ လိုက်နာစောင့်ထိန်း အပ်သည့် လုပ်ထုံးလုပ်နည်းကျင့်ဝတ် (OPCAT) တို့အား အစိုးရဖြင့် လက်မှတ်ရေးထိုးရန် လည်း တောင်းဆိုထားသည်။

သို့မှသာ အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ယဉ်ကျေးမှုကို ဦးစားပေး တည်ဆောက်ရန် ဆုံးဖြတ်ထားသည်ကို ပြသရာရောက်မည်ဖြစ်သည်။

ဆက်သွယ်ရန်

မြန်မာနိုင်ငံ
မစုစုဆွေ (စည်းရုံးလှုံ့ဆော်ရေးအရာရှိ)
ဖုန်းနံပတ် +၉၅ (၀) ၉ ၄၂၅ ၀၂၇ ၆၈၁

ထိုင်းနိုင်ငံ
ဟန်ကြီး (ညှိနှိုင်းဆောင်ရွက်ရေးမှုး)
ဖုန်းနံပတ် + ၆၆ (၀) ၈ ၁၉၆ ၁၅၉ ၉၂