ယနေ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ရန်ကုန်မြို့တွင် ထုတ်ပြန်သည့် ဘားမားလင့်ခ်၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့နှင့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) တို့မှ ပူးတွဲထုတ်ဝေသော အစီရင်ခံစာတွင် အစိုးရသစ်သည် စစ်ပွဲနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတို့၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်၍ နေရပ်ပြန်ရေး အဟန့်အတားများကို ဖယ်ရှားခြင်းဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ် တစ်လျှောက်မှ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရသူများနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းချက်များကို ဖော်ဆောင်အားပေး မြှင့်တင်သင့်ကြောင်း ဖော်ပြထားသည်။

“လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ” အမည်ရှိ အစီရင်ခံစာမှ နေရပ်စွန့်ခွာတိမ်းရှောင်ရသည့် တိုင်းရင်းသား လူမျိုးစု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်တစ်လျှောက်တွင် နေထိုင်နေကြသော မွန်တိုင်းရင်းသားတို့၏ စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပွားနေရခြင်း အခြေအနေအကြောင်းရင်းများအား အလေးပေးဖော်ပြထားပြီး မကြာသေးမီကာလ ပြုပြင်ပြောင်းလဲမှုများသည် ၎င်းတို့နေရပ်စွန့်ခွာရွှေ့ပြောင်းရမှု၏ အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိချက်ကိုဖော်ပြထားသည်။

အစီရင်ခံစာ အင်္ဂလိပ်ဘာသာ ၊ မြန်မာဘာသာကို ဒေါင်းလုပ်ရယူနိုင်ပါသည်။

“စစ်အစိုးရအဆက်ဆက်နဲ့ ဦးသိန်းစိန်အစိုးရတို့ရဲ့ ခွဲခြားဖိနှိပ်ရေးမူဝါဒတွေကို မြန်မာစစ်တပ်က တိုင်းရင်းသား လူမျိုးစုအသိုင်းအဝိုင်းတွေအပေါ် ဆယ်စုနှစ်တွေနဲ့ချီပြီး လက်နက်ကိုင် စစ်ဆင်နေတာတွေနဲ့ ပေါင်းလိုက်တော့ မြန်မာပြည်အရှေ့တောင်ပိုင်း တစ်လျှောက်က တိုင်းရင်းသားလူမျိုးစုတွေ နေရပ်စွန့် ရွှေ့ပြောင်းရတာတွေ၊ အပယ်ခံရတာတွေ မနည်းမနော ဖြစ်လာစေခဲ့တယ်” ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း လုပ်ငန်း အစီအစဉ် ဒါရိုက်တာ နိုင်အဲမွန်ကပြောသည်။ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရသစ်အနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ရေရှည်နေရပ်စွန့်ရွှေ့ပြောင်းခံခဲ့ရသူတွေ ဇာတိနေရပ်ကို ပြန်ကြတဲ့အခါ ဒုတိယအကြိမ် နေရပ်စွန့်ခွာတိမ်းရှောင်ရတာတွေ ထပ်မကြုံကြရစေဖို့ အာမခံနိုင်ရပါမယ်။ အဲဒီအတွက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက စစ်ပွဲနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုတို့ရဲ့ အခြေခံအကြောင်းတရားတွေကို သေချာပေါက် ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။

“လူမသိသူမသိဘဝများ” အစီရင်ခံစာတွင် ၁၉၉၄ ခုနှစ်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရကာ ဒုက္ခသည် အဖြစ်မှ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူများ (IDP များ) အဖြစ်သို့ ရောက်ရှိခဲ့ရသော မွန် ဒုက္ခသည်များ၏ အတွေ့အကြံုအား ပြန်ပြောင်းဖော်ပြထားပါသည်။ ယခုလက်ရှိ မြန်မာဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူများအား ပြန်လည်နေရာချထားရေး အစီအစဉ်အဆင့်တိုင်းတွင် ပါ၀င်ပတ်သက်နေသည့် သက်ဆိုင်သူအားလုံးအနေဖြင့် အတိတ်သင်္ခန်းစာများအား ပြန်လည်သုံးသပ် ဆင်ခြင်နိုင်စေရေးအတွက် ဤအစီရင်ခံစာက မီးမောင်းထိုးပြထားပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၆ ခုနှစ် ဇူလိုင်လ ထိုင်းနိုင်ငံခရီးစဉ်၌ ထိုင်း-မြန်မာ နယ်စပ်မှ ဒုက္ခသည် ၁၀၀,၀၀၀ ကျော် နေရပ််ပြန်ရေး အစီအစဉ်များကို အလေးပေးခဲ့သည်။ သို့ရာတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်မှ ဖြစ်နေဆဲလက်နက်ကိုင် ပဋိပက္ခများနှင့်တကွ ဆက်နွယ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် မြန်မာစစ်တပ်၏ ကာမအကြမ်းဖက်ခြင်း၊ အဓမ္မပေါ်တာ ထမ်းခိုင်း စေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို အစဉ်တစိုက် ကျင့်သုံးနေမှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေပါသည်။ ထို့အပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် နယ်စပ် ကုန်သွယ်ရေး၊ မြေသိမ်းမှုနှင့် သဘာဝသယံဇာတ ထုတ်ယူမှုများကြောင့်လည်း လက်နက်ကိုင်ပဋိပက္ခများ အသစ်တဖန် ဖြစ်ပွားနိုင်သည့် အလားအလာလည်း ရှိနေပါသည်။

ထိုမျှသာမက ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီးနောက်၌ လည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အောင်ပွဲရပြီးနောက်၌ လည်းကောင်း နိုင်ငံတကာ အလှူရှင် များသည် ၎င်းတို့၏ဦးစားပေးမှုများအား ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံတွင်းသို့ ရွှေ့သွားခဲ့ကြသည်။ ထို့ကြောင့် နယ်စပ်တစ်လျှောက်မှ နေရပ်စွန့်ခွာ ရွှေ့ပြောင်းခံရကာ အပစ်ပယ်ခံရသည့် တိုင်းရင်းသား လူထုများအား အစဉ်တစိုက် ကူညီပေးနေသည့် တိုင်းရင်းသားကယ်ဆယ်ရေး အဖွဲ့များနှင့် လူထုအခြေပြု အဖွဲ့အစည်း (CBO) များအတွက် အကူအညီနှင့် ငွေကြေးအထောက်အပံ့များ ဆက်လက် ကျဆင်းလာခဲ့သည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ နောက်ထပ်လုပ်ဖို့ အခုလို NLD က ဦးဆောင်တဲ့ အချိန်အခါမျိုးမှာ တိုင်းရင်းသား ပြည်သူလူထုတွေနဲ့ မိုးထဲလေထဲ လက်တွဲအလုပ်လုပ်နေတဲ့ တိုင်းရင်းသား လူထုအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို နှိမ်ချဘေးဖယ်ခြင်းမခံရဘဲ အားပေးဖို့၊ လှုံ့ဆော်ပေးဖို့၊ အာမခံပေးဖို့ အားလုံးကလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာကဆိုသည်။ “IDP နဲ့ ဒုက္ခသည်တွေအတွက် ရေရှည်ခံတဲ့ ဖြေရှင်းချက်တွေ ရနိုင်ဖို့ဆိုရင် နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်အားလုံးရဲ့ ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍတိုင်းမှာ IDP တွေ၊ ဒုက္ခသည်တွေနဲ့ ဒေသခံ တိုင်းရင်းသားရပ်ရွာလူထုတွေ ပါဝင်ခွင့်၊ ဆောင်ရွက်ပိုင်ခွင့်တွေ သေချာပေါက် အာမခံပေးရပါမယ်” ဟု သူမက ဆက်ပြောသည်။

အစီရင်ခံစာ၏ တွေ့ရှိချက်များအရ မြန်မာနိုင်ငံသည် နိုင်ငံခြားကုန်သွယ်ရေးအတွက် နယ်စပ်တံခါးများဖွင့် ပေးလိုက်ချိန်မှစ၍ နို်င်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာခြင်နှင့် မြေသိမ်းမှုတိုးမြင့်လာခြင်းတို့က မွန်ပြည်နယ် တလွှား အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု (HLP) အခွင့်အရေးချိုးဖောက်မှုများ ပိုဖြစ်လာစေခဲ့သည်။ လက်ရှိ HLP အခွင့်အရေးချိုးဖောက်မှုများသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ရေရှည်တည်တံ့နိုင်မည့် အသက်မွေး ဝမ်းကျောင်း ဖြေရှင်းချက်များရရှိရေးကို ဆက်လက်ခြိမ်းခြောက်နေရာ ယင်းချိုးဖောက်မှုများကို လာမည့် ၂၁ ရာစု ပင်လုံညီလာခံအပါအဝင် မည်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်မဆို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အစီရင်ခံစာက တွေ့ရှိခဲ့သည်။ ယင်းချိုးဖောက်မှုများနှင့်တကွ မြန်မာစစ်တပ်၏ ပြစ်ဒဏ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ဆက်ရနေမှု၊ မြေမြှုပ်မိုင်းများတည်ရှိနေမှု၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မတည်ငြိမ်မှု၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများတွင် အားလုံးပါ၀င်နိုင်မှု မရှိသေးခြင်းနှင့် ရေရှည် တည်တံ့မည့် နိုင်ငံရေးဖြေရှင်းချက် ကင်းမဲ့နေမှုတို့က IDP များအား မိမိတို့ဇာတိနေရာသို့ မပြန်နိုင်အောင် တားဆီးနေဆဲဖြစ်ပါသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အတိတ်ကာလက လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေကို ထည့်သွင်း စဉ်းစားပေးရပါမယ်” ဟု ဘားမားလင့်ခ်အဖွဲ့၏ နိုင်ငံတကာတာဝန်ခံလည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်သော လီနာဇီဂျာက ပြောသည်။ “နိုင်ငံတကာအလှူရှင်တွေ၊ ငြိမ်းချမ်းရေးအလှူရှင်တွေဟာ သူတို့ရဲ့စီမံကိန်းတွေ၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေက စီမံကိန်းတွေ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိဖို့၊ ရေရှည်တည်တံ့နိုင်ဖို့ အာမခံရပါမယ်။ ဒီစီမံကိန်းတွေဟာ စစ်ပွဲနဲ့ဆက်စပ်နေတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုရဲ့ အခြေခံ အကြောင်း တရားတွေကို ကိုင်တွယ်ဖြေရှင်းပြီး တိုင်းရင်းသားပြည်သူလူထုတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး မျှော်လင့်ချက်တွေကို အခြေခံအားဖြင့် ထောက်ခံ အားပေးဖို့ လိုပါမယ်။” ဟု သူမက ဆက်ပြောပါသည်။

ယခုအစီရင်ခံစာကို မွန် IDP များ၊ ဒေသခံရွာသားများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၊ အရပ်ဘက် လူထုအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများတို့၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများအပေါ် အခြေခံကာ ရေးသားထားခြင်းဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ခင်ဥမ္မာ – တာဝန်ခံ၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့၊ +၆၆ (၀)၈၁ ၈၈၄ ၀၇၇၂
khinohmar@burmapartnership.org (မြန်မာ/အင်္ဂလိပ်)

နိုင်အဲမွန် – လုပ်ငန်းအစီအစဉ်ဒါရိုက်တာ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ +၉၅ (၀)၉၇၇ ၆၂၂ ၈၀၄၀ auemon@gmail.com (မြန်မာ/အင်္ဂလိပ်/မွန်)

လီနာဇီဂျာ – နိုင်ငံတကာတာဝန်ခံ၊ ဘားမားလင့်ခ်၊ +၉၅ (၀)၉၂ ၆၀၈၉ ၅၆၅၂ leena@burmalink.org (အင်္ဂလိပ်)

အဖွဲ့အစည်းများအကြောင်း
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ကို ၁၉၈၈ အရေးတော်ပုံမှ ဒီမိုကရေစီလိုလားသည့် ကျောင်းသားများ၊ ယခုလက်ရှိခေတ် တက်ကြွလှုပ်ရှားသူများ၊ မွန် ရပ်ရွာလူထု ခေါင်းဆောင်များနှင့် လူငယ်များက တည်ထောင်ခဲ့သည်။ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ပြန်လည်ထွန်းကားရန် ဖြစ်သည်။ HURFOM သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အကူအညီများရနိုင်စေရန် သတင်း အချက်အလက်များနှင့် အစီရင်ခံစာများကို လှုံ့ဆော်ရေးအဖွဲ့အစည်းအားလုံးသို့ ပုံမှန်ပ့ံပိုးပေးနေသည်။

ဘားမားလင့်ခ် သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုများနှင့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရသူများ အရေး စည်းရုံးလှုံ့ဆော်ပေးပြီး ၎င်းတို့၏ခံစားရမှုများနှင့် ဖြစ်ရပ်များကို ပြည်တွင်းနှင့် နိုင်ငံတကာသို့ ဖြန့်ချိ ပေးသည်။

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ သည် အာရှ-ပစိဖိတ်ဒေသတဝှမ်းမှ အဖွဲ့အစည်းများ၏ ကွန်ရက် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေသူ အားလုံး၏ စုပေါင်းအားထုတ်မှုများကို အားပေးထောက်ကူနေပါသည်။