(DVB) ထက်အောင်ကျော် ၁၇ စက်တင်ဘာ ၂၀၀၉ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လူငယ်ခေါင်းဆောင် ၄ ဦး မနေ့ညက ဖမ်းဆီးခံလိုက်ရတယ်လို့ ပါတီ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အဲဒီလူငယ်တွေကတော့ မရမ်းကုန်းမြို့နယ်မှ ကိုမင်းအောင်၊ ကိုသီဟအောင်၊ ကိုကျော်ဝင်းနိုင်နဲ့ မမြင့်မြင့်အေးတို့ဖြစ်ပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးဘူးလို့ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။


“တခုရှိတာက သူတို့ လူငယ်ဖွဲ့စည်းရေး ပြန်လုပ်ဖို့ စဉ်းစားနေတဲ့၊ ဆောင်ရွက်နေတဲ့ အချိန်ပေါ့။ ဒါက အဖွဲ့ချုပ်ကို ဖိအားပေးတဲ့ သဘောပါပဲ။ သူတို့ ဘာတွေ စွပ်စွဲလဲ ကျနော်တို့ မသိဘူး။”

အဲဒီ ၄ ဦး ထဲက အမျိုးသမီးတဦးကို မနေ့ညနှောင်းပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပေမယ့် အမျိုးသား ၃ ဦး ဘယ်ရောက်နေလဲဆိုတာ အခုအထိ သတင်းမရသေးဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

အရင်နေ့ကလည်း မန္တလေးတိုင်း မြင်းခြံမြို့က ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုခဲ့ဖူးတဲ့ လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး သူတို့ကိုလည်း အခုအထိ ဘယ်မှာ ဖမ်းထားမှန်း မသိသေးဘူးလို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီလို နေ့စဉ် ဖမ်းဆီးမှုတွေ တိုးလာတာ ဘာကြောင့်မှန်းမသိရသေးပေမယ့် မနက်ဖြန် ကျရောက်မယ့် အာဏာသိမ်းနှစ်ပတ်လည်နေ့နဲ့ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့တွေမှာ ဒီ လူငယ်တွေ လှုပ်ရှားမှာ စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။