(ရိုးမ ၃) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော်များကို မြို့နယ်(မယက) က ပင့်ဆောင်ခေါ်ယူပြီး နိုင်ငံရေး မလုပ်ရန် သတိပေးပြောဆိုမှုများ ပြုလုပ်နေလျက်ရှိသည်။

ယခုလ ဒုတိယအပတ်အတွင်းမှစတင်က ကျေးရွာအုပ်စုအသီးသီးရှိ နာယကဆရာတော်များနှင့် မြို့ပေါ်စာသင်တိုက်များမှ နာယကဆရာတော်များပါ ခေါ်ယူသတိပေး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သံဃာတပါးက မိန့်သည်။

“မယကရုံးကို (၆) နာရီခွဲ အရောက်ခေါ်ပြီး နိုင်ငံရေးမလုပ်ဖို့ ပြောတာပေါ့။ ဦးပဉ္ဇင်းပျိုတွေတော့ မပါဘူး။ ဆရာတော်တွေ ကျောင်းထိုင်တွေချည်းပဲ ခေါ်တာ။ (၈) နာရီခွဲလောက်မှ ပြီးသွားတယ်” ဟု အဆိုပါသံဃာက ဆက်လက်မိန့်သည်။

ညောင်ဦးမြို့ပေါ်ရှိ မဟာဝီသုတာရာမတိုက်၊ မြစ်ကြည့်တိုက်၊ ဇေယျဝတီစာသင်တိုက်၊ အလိုဝ်တော်ပြည့် စာသင်တိုက်၊ ရှစ်မျက်နှာကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက်တို့မှ တိုက်အုပ်ဆရာတော်များလည်း ပါဝင်ကြောင်း ဆက်လက် မိန့်ကြားသည်။

“နယ်က ဆရာတော်တွေကျတော့ လာရတာ ဒုက္ခရောက်ကြတယ်လေ။ မနက် (၃) နာရီလောက်ကတည်းက ထလာရတာ။ အဲဒီသံဃာတွေကျတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် လာရတာ။ မယကရုံးကို အစောကြီးပေါ့” ဟု ဆက်လက်မိန့်သည်။

ထို့အပြင် မြေလတ်ဒေသအတွင်းရှိ ကျောင်းတိုက်များမှ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်နိုင်မည်ဟု ထင်သည့် သံဃာတော်များကို ကျောင်းထိုင်ဘုန်းကြီးများမှတဆင့် ဖိအားပေးကာ ကျောင်းတိုက်များမှ ထွက်ခွာခိုင်းနေခြင်းများရှိကြောင်း အခြားသံဃာတပါးက မိန့်သည်။

“တချို့သံဃာတော်တွေက ဝါကျွတ်တာနဲ့ ကျောင်းတိုက်တွေက ထွက်ပေးရမယ့် အခြေအနေတွေ ကြုံတွေ့နိုင်တယ်။ ဒီလိုဖိအားပေးတာတွေကြောင့်” ဟု ဆက်လက်မိန့်သည်။

ယင်းကဲ့သို့ အာဏာပိုင်များဘက်မှ သံဃာတော်များအား ဖိအားပေးမှုများ ပြုလုပ်နေသော်လည်း မကြာသေးခင်ရက်ပိုင်းက သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် အရှင်ပါရမီခန္တက လာမည့် သတင်းကျွတ်လပြည့်နေ့မှ စတင်ကာ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ပွဲကို ဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သတင်းဌာနများသို့ ပြောကြားခဲ့သည်။