(ခေတ်ပြိုင် / ၁၆ စက်တင်ဘာ ၂၀၀၉) မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ညောင်ပင်သာရွာမှ မောင်ရဲဇော်ထက်ဆိုသည့် ကလေးငယ်တဦး လွန်ခဲ့သော (၃) လခန့်က ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

မောင်ရဲဇော်ထက်သည် အသက် (၁၅) နှစ်နှင့် နှစ်လသာရှိသေးပြီး ဆယ်တန်းတက်နေသော ကျောင်းသားတဦးဖြစ်ကာ ၎င်းနေထိုင်ရာရွာမှ ပြည်မြို့ရှိ အစ်ကိုဖြစ်သူထံသို့အသွား ပြည်ကားဝင်းအတွင်း၌ လလက (၉၅၉- ပြည်) တပ်မှ တပ်ကြပ်တင်မြင့် (ကပ/၅၇၀၆၀၄) က အတင်းအဓမ္မခေါ်ဆောင်သွားကြောင်း နောက်ပိုင်းတွင် ပြန်လည်စုံစမ်းသိရှိရသည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

၎င်းက “အခုကလေးက တောင်တွင်းကြီးမြို့နယ် အမှတ် (၇) လေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်းတက်နေရတယ်။ ကလေးနဲ့တော့ တွေ့ရပြီ။ ဒါပေမယ့် ပြန်လွှတ်မပေးဘူး။ ကလေးက ဆယ်တန်းဆိုတော့ အားလုံးသိတယ်။ သူ့ကို တပ်ထဲသွင်းတဲ့ တပ်ကြပ်ရဲ့ ကိုယ်ပိုင်အမှတ်တွေကိုရော ဘာတွေရော သူအကုန်မှတ်ထားတယ်” ဟု ပြောသည်။

အဆိုပါ ကလေးစစ်သားအဖြစ် စုဆောင်းခံရမှုနှင့်စပ်လျဉ်း၍ နပြေည်တော်ရှိ စစ်ရုံးချုပ်သို့ ဇူလိုင်လအတွင်းက စာရေးတိုင်ကြား ခဲ့သော်လည်း အကြောင်းတစုံတရာပြန်ကြားမှု၊ ကိုင်တွယ်ဆောင်ရွက်မှု မရှိခဲ့ကြောင်း သိရသည်။

ကလေးစစ်သားအဖြစ် သွပ်သွင်းခံရသူ မောင်ရဲဇော်ထက်သည် ညောင်ပင်သာရွာမှ ဦးမြင့်ရွှေ၊ ဒေါ်အေးမြင့်မော်တို့၏ သားဖြစ်ပြီး ငယ်စဉ်ကပင် မိခင်ကွယ်လွန်သွားသဖြင့် ယခုအခါ အဘိုးဖြစ်သူ ဦးကံရှိန်နှင့် အတူနေရသူဖြစ်သည်။

“အဘိုးကလည်း သူ့မြေးကို ပြန်လိုချင်ရှာတယ်။ စစ်ချုပ်ရုံးကို စာရေးတိုင်ပေမယ့် ဘာမှလုပ်မပေးသေးတော့ အများကြီး စိတ်ဆင်းရဲနေရှာတယ်။ သူ့အဖေဆိုတာလည်း နောက်အိမ်ထောင်နဲ့လည်းဖြစ်၊ ရွာခံလူရိုးတွေလည်း ဖြစ်တော့ ဘာလုပ်ဘာကိုင်ရမယ်ဆိုတာ မသိရှာကြဘူး။ အိုင်အယ်လ်အိုရုံးကို တိုင်ဖို့တော့ အကြံပေးထားကြတာပဲ” ဟု နီးစပ်သူက ပြောသည်။

ယခုနှစ် ဧပြီ (၂၃)၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း၌ မြန်မာ့တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၉) ဖွဲ့၌ ကလေးစစ်သား စုဆောင်းမှုများ ရှိနေသေးကြောင်း ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရက ကလေးစစ်သား (၆၈) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကလေးများ၏ မိဘနှင့်ဆွေမျိုးတို့၏ တိုင်ကြားချက်များအရသာ ကလေးစစ်သားစုဆောင်းမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

နအဖစစ်အစိုးရအနဖြေင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သားပပျောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်ထိ ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။