တိုက်နယ်ဆေးရုံကို  စစ်တပ် ဗုံးကြဲ၊ လူနာ ၇ ဦးနှင့် ဆေးရုံဝန်ထမ်း ၁ ဦးသေဆုံး

စစ်တပ်သည် ယနေ့ (နိုဝင်ဘာ ၁၁) ရက် နံနက်ပိုင်းက  စက်တပ်လေထီးဖြင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှ ဝင်းမနားတိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာခုနစ်ဦးနှင့် ဆေးရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ထံမှသိရသည်။

၁၆ ခုတင်ဆံ့ ဝင်းမနားတိုက်နယ်ဆေးရုံသည် စစ်တပ်ထိန်းချုပ်ရာ ကနီမြို့မှ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ၁၂ မိုင်ခန့်အကွာ ဝင်းမနားရွာတွင် တည်ရှိသည်။ အဆိုပါဆေးရုံသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံလည်းဖြစ်သည်။ 

စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ဆေးကုသမှုခံယူနေသည့် လူနာများ သေဆုံးခဲ့ရသည်ဟု NUG ၏ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။ 

NUG ဘက်က Myanmar Now သို့ပေးပို့သည့် ဓာတ်ပုံတစ်ခုတွင် ပလတ်စတစ်ဖြင့်ပတ်ထားသည့် ရုပ်အလောင်း ရှစ်ခုကိုတွေ့ရသည်။ 

နောက်ထပ်ထိခိုက်ဒဏ်ရာရသူများ ရှိ မရှိနှင့် သေဆုံးသူများ၏အချက်အလက်ကို အသေးစိတ်မသိရသေးပါ။

ထို့အတူတိုက်ခိုက်ခံခဲ့ရသည့် ဆေးရုံ၏နောက်ဆုံးအခြေအနေကိုလည်း Myanmar Now က ဆက်လက်စုံစမ်းနေသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် ကနီမြို့နယ်တွင် မြေပြင်စစ်ကြောင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။ 

ကနီမြို့ကို  ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ် တပ်စွဲရာ နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က လေကြောင်းပစ်ကူအပြင် အင်အားဖြည့်တင်းမှုတို့ကြောင့် မြို့ကို အပြီးသတ် မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရသည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များကို စစ်တပ်ကထိန်းချုပ်ထားသော်လည်း ကျေးလက်ဒေသ အများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်အရ စစ်တပ်က ဆေးရုံဆေးခန်းများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအား ယခုနှစ် ၂၀၂၅ ခုနှစ်တွင် တိုးမြှင့်ပြုလုပ်နေသည်။ အထူးသဖြင့် စစ်ကိုင်းငလျင်အပြီးတွင် စစ်တပ်၏လေကြောင်း တိုက်ခိုက်မှု ပိုမိုများပြားလာခဲ့ပြီး ဧပြီလမှ ဇူလိုင်လအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကရင်နီ စသည်တို့မှ ဆေးရုံဆေးခန်းများကို လေကြောင်းတိုက်ခိုက်မှု ၃၀ ရှိသည်။  

ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းကလည်း ကန့်ဘလူမြို့နယ် ချာဂျင်ဆေးရုံအားလေကြောင်းမှတိုက်ခိုက်ခဲ့ ရာ ကလေးတစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ငါးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူနာဆောင်၊ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးဝါးနှင့်ဆေးရုံသုံးပစ္စည်းများ၊ ဝန်ထမ်းနားနေဆောင်အပါအဝင် ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်း နမခအနီးရှိ ကနီ၊ ဒီပဲယင်းနှင့်ပုလဲတို့တွင်  နိုဝင်ဘာလ ၁၀ ရက်၊ ၁၁ ရက်တို့တွင် လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာများပြမြေပုံ 

စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသည့် စစ်ကိုင်းတိုင်းမှ ဒီပဲယင်းနှင့် ပုလဲတို့တွင် ယမန်နေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့)က စစ်တပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်က ဒီပဲယင်းမြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဆပ်ပြာကျင်းရွာနှင့် အနီးရှိ ကျွန်းတောလေးရွာကို တိုက်လေယာဉ်များဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ ၁၃ ဦး ထိခိုက်ဒဏ်ရာရသည့်အနက်  နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒီပဲယင်းမြို့နယ် တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“ အကြိမ်ရေကတော့ တော်တော်လေးများတယ်။ သုံးစီးဆက်တိုက်လာပစ်တာ။ မိတ္ထီလာကတက်တဲ့ တစ်စီးက ပထမဆုံးလာပစ်တယ်။ အဲ့ဒါပြီးတော့ တောက်လျှောက်ပါပဲ။ အရာတော်လောက်ပဲ ရောက်သေးတယ်။ နောက်တစ်စီးက ပစ်နေပြီ” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကပြောသည်။

ထို့နောက် ညနေ ၆ နာရီဝန်းကျင်တွင် တိုက်လေယာဉ်တစ်စီးက ထပ်မံပစ်ခတ်ခဲ့ရာ ဆပ်ပြာကျင်းရွာမှ လူနေအိမ် သုံးလုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများသည် အရပ်သားပြည်သူများဖြစ်ပြီး ဆပ်ပြာကျင်းရွာမှ ၁၀ ဦးနှင့် ကျွန်းတောလေးရွာမှ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အခြေစိုက်လှုပ်ရှားသည့် Local Mobile Team အဖွဲ့တာဝန်ခံ ကိုကောင်းကင်ကြီးက ပြောသည်။

“ ဆပ်ပြာကျင်းရွာမှာဆိုရင် တစ်ရွာလုံးနီးပါးကြဲတယ်။ ပိုက်စိပ်တိုက်ပြီးကြဲတယ်။ ပေါင် ၅၀၀ ဗုံးသီးပါတယ်။ မော်တာစက်နဲ့ဆွဲတယ်။ ဗုံးသီး အရေအတွက်က လက်ရှိတွေ့ရတဲ့အနေထားအရ အလုံး ၂၀ အထက်မှာပဲရှိမယ် ကြဲသွားတာက”ဟု ကိုကောင်းကင်ကြီးကပြောသည်။ 

ဆပ်ပြာကျင်းရွာသည် လက်နက်ကိုင်တော်လှန်ရေးအစ တူမီးတိုက်ပွဲကတည်းကပင် တက်တက်ကြွကြွ ပါဝင်ခဲ့သည့် ကျေးရွာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လက ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။ 

https://youtube.com/watch?v=_5kUhbj35kw%3Ffeature%3Doembed

ယခုနှစ် မေလက စာသင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ကျောင်းသူ နှင့် ဆရာမများ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် အိုးတိန်တွင်းရွာနှင့်ဆပ်ပြာကျင်းရွာသည် နှစ်မိုင်ခန့်သာ ကွာဝေးသည်။ 

ယမန်နေ့ ည ၈ နာရီခွဲဝန်းကျင်ကလည်း ပုလဲမြို့နယ်၊ ပိတောက်ကုန်းရွာကို လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရွာအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ 

လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည့် ဒီပဲယင်း၊ ပုလဲနှင့် ကနီမြို့နယ်တို့သည် တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည့် ဒေသများဖြစ်သော်လည်း လတ်တလောတွင် စစ်တပ်က မြေပြင်စစ်ကြောင်း ထိုးနေခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများကဆိုသည်။ 

နမခ နှင့်မိုင် ၄၀ ကျော်သာကွာဝေးသည့် ဒီပဲယင်းမြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တိုက်ခိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း နမခ မှ တဆင့် လေကြောင်းမှ စစ်ကူအင်အားဖြည့်တင်းပြီး တိုက်ခိုက်မှုများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ဒီပဲယင်းမြို့ပေါ်နှင့် စိုင်ပြင်မြို့တွင် စစ်တပ်ကအထိုင်ချပြီး ဒီပဲယင်းမြို့ပေါ်တပ်စွဲထားသည့် စစ်တပ်ကို ပြီးခဲ့သည့်ရက်က လေကြောင်းမှတဆင့် ရိက္ခာများချပေးခဲ့ကြောင်းသိရသည်။ 

မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းနယ်စပ်ရှိ ပုလဲမြို့နယ်သည် နမခ အနောက်ဘက် မိုင် ၄၀ ခန့်သာ ဝေးပြီး စစ်တပ်က 

မြို့ပေါ်ရပ်ကွက်များနှင့် ဇီးဖြူကုန်း၊ အင်မထီး၊ ကန့်ဒေါင့်တို့တွင် ခြေကုပ်ယူထားသည်။ စစ်တပ်အထိုင်ချရာ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ဦးဆောင်တိုက်ခိုက်ပြီး စခန်းသိမ်းပိုက်နိုင် ခဲ့သော်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ကန့်ဒေါင့်စခန်းကို စစ်တပ်က ပြန်ရပြီးနောက်  ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ လက်ပကန်၊ နှောကန်၊ မင်းတိုင်ပင်ရွာတို့တွင် အင်အားတိုးချထားကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများထံက သိရသည်။ 

တရုတ်၏ကြားဝင်ဖိအားပေးမှုဖြင့် ကိုးကန့်တပ် (MNDAA), တအာင်းတပ် (TNLA) တို့နှင့် စစ်တပ်က အပစ်ရပ်နိုင်ခဲ့ပြီး ရှမ်းမြောက်တိုက်ပွဲများငြိမ်သက်သွားချိန်တွင် တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်း တို့တွင် စစ်တပ်က ထိုးစစ်အရှိန်မြှင့်နေသည်။

Myanmar Now