ဓာတ်ပုံ- စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်း ကျေးရွာကို စစ်ကောင်စီက ယနေ့ (မေလ ၁၂ ရက်) နံနက် ၉ နာရီ ၄၀ မိနစ်အချိန် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ညနေပိုင်းထိ ရရှိထားသည့် အချက်အလက်များအရ ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးနှင့် ဆရာမ နှစ်ဦး သေဆုံးသွားကြောင်း NUG က အတည်ပြုသည်။ ထိခိုက်ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိပြီး ယင်းအနက် ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ယခုလေကြောင်း တိုက်ခိုက်ခံရမှုသည် ဒီပဲယင်းမြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် လူသေဆုံးမှု အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်။ (CJ)

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်း ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံသူ ၂၂ ဦး ရှိလာပြီဖြစ်ကာ ယင်းအနက် အငယ်ဆုံးက G-1 တက်နေသည့် ရှစ်နှစ်အရွယ် ကျောင်းသူကလေးငယ်ဖြစ်ပြီး အကြီးဆုံးက အသက် ၁၇ နှစ်အရွယ် G-11 ကျောင်းသူကလေးငယ် ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင် တဦးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ (မေလ ၁၂ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိကာ ယင်းအနက် ၁၀ ဦး ဒဏ်ရာပြင်းထန်ခြင်းကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင် ကြောင်းလည်း ဆိုသည်။

“G-1 ကနေ G-11 အထိ ကလေးတွေ နောက်ဆုံးအတန်းတင် စာမေးပွဲဖြေဆိုနေတဲ့ အချိန် မှာ လေကြာင်းက နေ ဗုံးကျဲသွားတာ၊ မိဘတွေကတော့ ကမ္ဘာပျက်သလိုပဲ” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင် တဦးက ပြောသည်။

ဒီပဲယင်းမြို့ အနောက်တောင်ဘက် ခုနစ်မိုင်ခွဲခန့်တွင် တည်ရှိသည့် အိုးထိန်းတွင်း ကျေးရွာ ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ် အချိန် လေကြောင်းတိုက်ခိုက်ခံရစဉ် စာသင်ကျောင်း၌ စာမေးပွဲဖြေဆိုနေသူ ကျောင်းသူ၊ ကျောင်းသား ၂၈၉ ဦး ရှိကြောင်း ၎င်းက ဆက်ပြောသည်။

သေဆုံးမှု များပြားခဲ့သည့် ယခုလေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် သေဆုံးသူ ၂၂ ဦးအနက် ဆရာမ နှစ်ဦးပါဝင်ကြောင်း NUG ၏ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမသို့ ပြောသည်။

ထို ဆရာမနှစ်ဦးမှာ စေတနာ့ဝန်ထမ်းများဖြစ်ကြပြီး ကလေးငယ်များ စာမေးပွဲဖြေနေချိန် ကျောင်းဆောင်ပေါ် တည့်တည့်ကျရောက်ပေါက်ကွဲ သည့်အတွက် ယခုလိုသေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူ ဆရာမနှစ်ဦးနှင့် ကျောင်းသူ၊ ကျောင်းသား ၂၀ ဦး၏ အမည်နှင့် အတန်း စာရင်းကိုလည်း NUG က ထုတ်ပြန်ထားသည်။

ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ကျောင်းဆောင်၏ဘေးတွင် သစ်ပင်ကြီးများ ရှိသော်လည်း အပေါ်စီးက ကြည့်ပါက ထင်းထင်း မြင်ရပြီး၊ အသက်လုနေရသည့် ကျောင်းသားများရှိကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ ယခုလို ပြောသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်း ကျေးရွာကို စစ်ကောင်စီက ယနေ့ (မေလ ၁၂ ရက်) နံနက် ၉ နာရီ ၄၀ မိနစ်အချိန် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ညနေပိုင်းထိ ရရှိထားသည့် အချက်အလက်များအရ ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးနှင့် ဆရာမ နှစ်ဦး သေဆုံးသွားကြောင်း NUG က အတည်ပြုသည်။ ထိခိုက်ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိပြီး ယင်းအနက် ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ယခုလေကြောင်း တိုက်ခိုက်ခံရမှုသည် ဒီပဲယင်းမြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် လူသေဆုံးမှု အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်။ (CJ)

“လက်ရှိမှာတော့ မြေပြင်မှာ ကမ္ဘာပျက်သလိုခံစားနေကြရတာ။ အသက်လုနေရတဲ့ ကျောင်းသားတွေ ရှိပါတယ်။ အဆင်ပြေသလို ဆေးခန်းနေရာတွေ ပို့နေရတယ်” ဟု ဒေသခံက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ကလေးသူငယ်များသည် အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ဆောင်ပေးနေသည့် ကြားကာလပညာရေး စာသင်ကြောင်းများတွင် ပညာသင်ကြားနေကြရပြီး စစ်ကောင်စီစစ်ကြောင်းထိုးသည့် အခြေအနေပေါ် မူတည်ပြီး စာသင်ကြားနေကြရခြင်းဖြစ်၍ ပုံမှန်စာသင်နှစ်လို မဟုတ်ကြောင်း ဒီပဲယင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက ” ပညာသင်ကြားတဲ့ ကာလနဲ့ ပတ်သတ်လို့ကတော့ ကျတော်တို့ ဆီမှာ စစ်ကြောင်းအခြေအနေကို ကြည့်ပြီး သင်ရတာဆိုတော့ စာသင်နှစ် တနှစ် မပြီးသေးတဲ့သဘောပေါ့နော်၊ ပြည်သူ့အခြေပြုကျောင်းတွေက အဆင်ပြေသလို သင်ကြရတာဖြစ်တဲ့အတွက် ပုံမှန်စာသင်နှစ်လို တော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး ထိုက်တန်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ခံရစေရန် ဆောင်ရွက်သွားမည်ဟု NUG ၏ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမသို့ ပြောသည်။

“ပြည်သူလူထုကို ဦးတည်ပြီး သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေအတွက် ဒီမှာ တာဝန်ရှိသူတွေ၊ စစ်ခေါင်းဆောင်တွေ၊ ဒါကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ လေတပ်၊ ဒီလူတွေအကုန်လုံး တချိန်ချိန်မှာ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်တဲ့အခါမှာ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ခံရစေဖို့ ကျတော်တို့တွေ ဆက်လက်ပြီး အားလုံးကြိုးစားသွားမှာပါ ဖြစ်ပါတယ်” ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း မြေပြင်တွင် လိုအပ်သည်များကို လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

“ကျဆုံးသူတွေရဲ့ နာရေးနဲ့ပတ်သတ်ပြီး ကူညီဆောင်ရွက်တာတွေနဲ့ ကျန်ရစ်သူ မိသားစုအပေါ်ကူညီတာမျိုးတွေ၊ ဒါတွေကတော့ ကျတော်တို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဦးနေဘုန်းလတ်က ပြောသည်။

ယခုလေကြောင်း တိုက်ခိုက်ခံရမှုသည် ဒီပဲယင်းမြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် လူသေဆုံးမှု အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်။

သတင်း- ပါခွီး၊ ခက်နွေ၊ MTO၊ လွှမ်းမိုး

စာတည်း။ ။ နောင်နောင်

Mizzima News