မတ်လ ၁၄ ရက်ညပိုင်းသတင်းများအရ သေဆုံးသူ ၂၇ ဦးအထိတိုးလာကြောင်း ကယ်ဆယ်ရေးသမားများထံမှသိရသည်။

စဉ့်ကူးလက်ပန်လှရွာကိုစစ်တပ်ဗုံးကြဲ၊ အနည်းဆုံးအရပ်သား ၉ ဦးသေဆုံး

——-

စစ်တပ်လေယာဉ်သည် ရွာပေါ်လှည့်ပတ်ပျံသန်းပြီး လူစည်ကားသည့် စျေးကိုရွေးကာဗုံးကြဲခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ပုခက်အတွင်းမှ ကလေးငယ်အပါအဝင် အရပ်သားသေကြေဒဏ်ရာရခဲ့သည်။

——-

NUG အစိုးရ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲအချိန်က စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၉ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။

စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ်သည် လက်ပံလှကျေးရွာအပေါ် လှည့်ပတ်ပျံသန်းပြီး လူစည်ကားသည့် ကျေးရွာစျေးထဲသို့ ဗုံးကြဲချခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် ပုခက်အတွင်းမှ ကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စျေးနေရာမှ စျေးသည်နှင့် ဈေးဝယ်နေသူ အရပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“တကယ့်လူစည်ကားတဲ့ နေရာကို ကြဲချသွားတာ၊ စျေးရောင်းနေတဲ့၊ စျေးဝယ်နေတဲ့သူနဲ့ လမ်းသွားလမ်းလာ ရှုပ်တဲ့နေရာကြီး၊ ထိခိုက်သူတွေရော၊ သေသူတွေရော အများကြီးပဲ”ဟု လက်ပန်လှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနိုင်ပြီး အရေအတွက်အတိအကျကို မသိနိုင်သေးကြောင်းလည်း ပြောသည်။

ဗုံးကြဲမှုကြောင့် ထိခိုက်သူများ လမ်းပေါ်တွင် အတုံးအရုံးဖြစ်နေခဲ့ပြီး၊ အနည်းဆုံး ၇ဦးခန့် သေဆုံးနေသည်ကို မြင်တွေ့ခဲ့ရပြီး ထိခိုက်သေဆုံးသူများကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ကူညီမှုများပေးခဲ့သည်။

ဗုံးဆံတိုက်ရိုက်ထိမှန်သည့် လက်ဖက်ရည်ဆိုင်မီးလောင်ပျက်ဆီး သွားခဲ့ကြောင်း ဗုံးကြဲခံရသည့် နေရာ အနီးနေထိုင်သူအမျိုးသမီးတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီလေယာဉ်သည် လက်ပံလှကျေးရွာပေါ်တွင် သုံးကြိမ်ခန့် လှည့်ပတ်ပျံသန်းပြီး ဒုတိယအကြိမ်တွင် ဗုံးသီးကြဲချခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း လက်ပန်လှရွာ ရဲစခန်းကို စစ်ကောင်စီက ဗုံးကြဲခြင်း လေယာဉ်စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ခဲ့သေးပြီး ရဲစခန်းအနီး ဈေးရောင်းသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဖြည့်စွက်ချက် – မတ်လ ၁၄ ရက်ညပိုင်းသတင်းများအရ သေဆုံးသူ ၂၇ ဦးအထိတိုးလာကြောင်း ကယ်ဆယ်ရေးသမားများထံမှသိရသည်။

သတင်းနှင့်ဓာတ်ပုံ – မိုးဦး / Myanmar Now