လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ လူ့အခွင့်အရေးနေ့တွင် အသစ်ထုတ်ဝေသော အကျဉ်းချုပ်စာတမ်း “လေကြောင်း တိုက်ခိုက်ခြင်း”
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) က “လေကြောင်းမှ တိုက်ခိုက်မှုများ” အမည်ရှိ နောက်ဆုံးရအကျဉ်းချုပ် စာတမ်းကို လူ့အခွင့်အရေးနေ့တွင် ထုတ်ဝေပါသည်။ ယခု အကျဉ်းချုပ် စာတမ်းထဲတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ကချင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများကို ထည့်သွင်းဖော်ပြထားပါသည်။ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို ND-Burma မှ ရှုတ်ချပြီး စစ်အာဏာရှင်တပ်၏ တိုက်ခိုက်မှုကို အမြဲကြောက်ရွံ့ နေရသော အရပ်သားများကို အကာအကွယ်ပေးရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ချက်ချင်းအရေးယူ ဆောင်ရွက်ရန် တောင်းဆိုထားပါသည်။
ND-Burma ကွန်ရက် အဖွဲ့ဝင်များမှရရှိသော သတင်းအချက်အလက်များကို စုပေါင်း၍ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာဖြင့် ပြုစုထားသော သုတေသနစာတမ်း ဖြစ်ပါသည်။ ကချင်ပြည်နယ်၊ ကရင်နီ ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အရွယ် ရောက်ပြီးသူ (၂၅) ဦး နှင့် ကလေး (၁၀) ဦး သေဆုံးကာ လူကြီး (၂၃) ဦး နှင့် ကလေး (၅၁) ယောက် အပါအဝင် စုစုပေါင်း (၇၄) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း တကျောင်း နှင့် ဘုန်းကြီး ကျောင်း တကျောင်း၊ ဆေးရုံ၊ လက်ဖက်ရည်ဆိုင်၊ ရုံးဌာန အဆောက်အဦး (၅)လုံး နှင့် ကား (၆) စီး အပါအဝင် အနည်းဆုံးစုစုပေါင်း အဆောက်အအုံ (၇၇) လုံး ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ထိုလေကြောင်း တိုက်ခိုက်မှု အားလုံး ကို အာဏာသိမ်းစစ်အာဏာရှင်တပ်မ ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။
စစ်အာဏာရှင်တပ်အတွင်း လက်ရှိဖြစ်ပျက်နေသော စိတ်ဓာတ်ပျက်ပြားမှုများနှင့် ဘက်ပြောင်းနေမှု များကြောင့် အားနည်းလာကာ နိုင်ငံတစ်ဝန်းတ္ငင် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လျှက် ရှိနေပါသည်။ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ၏ သိသာထင်ရှားသော အောင်မြင်မှုများ သည် စစ်အာဏာရှင်တပ်၏ သမိုင်းဝင်ရှုံးနိမ့်မှုဖြစ်သကဲ့သို့ တိုင်းရင်းသား လူမျိုးစုများ ပိုင်ဆိုင်သည့် နယ်မြေများ ပြန်လည်သိမ်းယူနိုင်ခြင်းပင် ဖြစ်ပါသည်။ မြန်မာစစ် အာဏာရှင်တပ်၏ အမြဲမပြတ် တပ်ဖြန့်လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သား ပြည်သူများ ကိုပင် သီးသန့် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ပါသည်။ အားနည်းထိခိုက်လွယ်ပြီး ကာကွယ်မှုမဲ့ နေသော စစ်ရှောင်နေရာများ နှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသူများအပေါ် စစ်အာဏာရှင်များ၏ တိုက်ခိုက် နေမှုက ၎င်းတို့၏ သရဲဘောကြောင်ခြင်း နှင့် လူ့အသက်များကို ပေါ်ပေါ်ထင်ထင် တန်ဖိုးမထား လျစ်လျူရှုနေ သည်ကို ထင်ရှားစေပါသည်။
ယခု အကျဉ်းချုပ်စာတန်းထဲတွင် မှတ်တမ်းတင်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် စစ်ဘေး စစ်ဒဏ် ကြောင့် စိတ်ဒဏ်ရာရှိနေသော ပြည်သူများ အိပ်စက်ချိန် အနားယူချိန်များဖြစ်သည့် မနက်အစောပိုင်း နှင့် ညနေပိုင်းအချိန်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) များ၏ ယာယီတဲများ နှင့် စစ်ရှောင်စခန်းများ အပါအဝင် ဒေသခံလက်ဖက်ရည်ဆိုင်များကို လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ကြ ခြင်းဖြစ်သည်။ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးများ နှင့် ကလေးသူငယ်များ ပါဝင်နေပြီး စစ်အာဏာရှင်တပ်များ၏ မသက်ညှာသော တိုက်ခိုက်မှုများကြောင့် မိသားစုဝင်များသည် ကြီးမားသော ပျက်စီး မှုများ နှင့် ဆုံးရှုံးမှုများ ကို ဆက်လက်ခံစားနေကြရပါသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ မြန်မာ့စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ၎င်း၏ ရိုဟင်ဂျာ လူနည်းစုများအပေါ် အချိန်ကြာမြင့်စွာ နှိပ်စက်ညှဥ်းပန်းမှုများ ကျူးလွန်ထားသော ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားချက်ကို ND-Burma မှ ကြိုဆိုပါသည်။ လူတစ်ဦးချင်းစီတွင် အသက်ရှင် သန်ပိုင်ခွင့်၊ ဘေးဥပါဒ်မှ လွတ်ကင်းပြီး အသက်ရှင်နေထိုင်ခွင့်၊ အခြေခံလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများအား အပြည့်အဝ ကာကွယ်စောင့်ရှောက်ခံရရန် အခွင့်အရေးရှိပါသည်။ စစ်အာဏာရှင်များသည် ဥပဒေ၏ အထက် တွင် မရှိသလို၊ ယခု ဝရမ်းထုတ်ဆင့်ရန် လျှောက်ထားမှုအဆင့်သည် ရှေ့ဆက်မည့် ခြေလှမ်းအတွက် အရေး ပါလွန်းပြီး မြန်မာပြည်ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားစေရန်ဦးတည်နေပါ သည်။
အာဏာရှင်များ၏ ဖိနှိပ်မှုအောက်တွင် ဒုက္ခကြီးမားစွာခံစားခဲ့ရသော ပြည်သူများအတွက် ပြန်လည် ကုစားပေးလျော်ခြင်းများဖြင့် အသွင်ကူးပြောင်းရေး ဆိုင်ရာတရားမျှတမှုကို လုပ်ဆောင်ရန်နှင့် အသိအမှတ်ပြု ရန် အရေးကြီးပါသည်။ ND-Burma ၏ အကျဉ်းချုပ်စာတန်းတွင် ဖော်ပြထားသော အရပ်သားများအပေါ် လေ ကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှု ကိစ္စရပ်များအပေါ် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့များ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထားဆောင်ရွက်ကြရမည် ဖြစ်ပြီး တရားမ၀င် စစ်အာဏာရှင်များနှင့် လက်ရှိဆက်ဆံရေးအားလုံးကို အဆုံးသတ်ကြရမည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာမှ တာဝန်ရှိသူများ အနေ ဖြင့်လည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်နေသူများ ဆောင်ရွက်နေသည့် “ပြည်သူများ ခံစားခွင့်ရှိသည့် လူ့ အခွင့်အရေးများ ကိုယ်တိုင် သိရှိလာစေရန်အတွက် အသိပေးမှုများနှင့် ဆန့်ကျင်ဖက်ရပ်ဝန်းအား ပြန်လည် တွန်းလှန်ရဲသော သတ္တိများပေးနေခြင်း ကဲ့သို့သော” အဓိပ္ပါယ်ပြည့်ဝသည့် လုပ်ဆောင်မှုများ ဆက်လက်ဖော် ဆောင်နိုင်ရန်အလို့ငှာ ကူညီထောက်ပံ့မှုများ ပေးရမည်ဖြစ်ပါသည်။
မြန်မာပြည်၏ အနာဂတ်သည် မြန်မာပြည်သူပြည်သားများသာ ပိုင်ဆိုင်ပါသည်။
ပိုမိုသိရှိလိုပါက:
နိုင်အဲမွန်
Signal: +66 86 1679 741
ဆန်ထွယ်
Signal o: +66 64 9369 070
လူအခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) သည် အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသား လူမျိုးစုများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်စားပြုပါဝင်ကြပါသည်။ ၂၀၀၄ ခုနှစ်မှစတင်ကာ လူအခွင့်ရေး ချိုးဖောက်မှုများ နှင့် ချိုးဖောက်ခံရသူများ၏ တရားမျှတမှုနှင့် ချိုးဖောက်သူများ တာဝန်ယူ တာဝန်ခံမှု ရှိစေရန် မှတ်တမ်းတင်လျှက်ရှိသည်။ ကွန်ရက်တွင် အမြဲတမ်းအဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ဝင် (၄) ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထား သည်။