ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက် ဒီနေ့ လျှောက်ထားလိုက်ပါတယ်။
၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ICC က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုအပြီးမှာ စစ်ခေါင်းဆောင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ယုံကြည်ရတဲ့ ခိုင်လုံမှုရှိကြောင်း ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဒီရာဇဝတ်မှုတွေကို ရဲ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေရဲ့ အကူအညီနဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့လျှောက်လဲချက်မှာ ဗီဒီယို၊ ဓာတ်ပုံ၊ မျက်မြင်သက်သေနဲ့ စာရွက်စာတမ်း သက်သေအထောက်အထားအစုံ ပါဝင်တယ်လို့ ဖော်ပြပါတယ်။
အခုလျှောက်လဲချက်ဟာ လိုအပ်တဲ့စံနှုန်းအတိုင်း ကိုက်ညီမှုရှိ၊ မရှိ ICC တရားသူကြီးတွေက ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပြုထားတဲ့ ဖမ်း၀ရမ်းကို ICC က ထုတ်ပြန်တဲ့ကိစ္စမှာလည်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်မှုမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ICC ရှေ့နေချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
(မှတ်ချက်။ ICC ရှေ့နေချုပ်၏ တရားရုံးလျှောက်ထားမှုသတင်းအား ထပ်မံဖြည့်စွက် ဖော်ပြထားပါသည်။)