ထုတ်ပြန်ချက်အမှတ်၀၀၁/၂၀၂၄

 ၂၇ရက် အောက်တိုဘာလ ၂၀၂၄ ခုနှစ်

၁။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)အပြင် ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းတို့ နှင့်အတူ  ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်နေစဉ်ကာလအတွင်း  အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)မှ သတင်းအချက်အလက်များ ကောက်ခံစုဆောင်းပြီး အနှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်သည့်အပေါ်တွင် ထုတ်ပြန်ချက် ထုတ်လိုက်ပါသည်။

၂။ ယခု လူ့အခွင့်အရေးချိုးဖောက်မှု အနှစ်ချုပ်အစီရင်ခံစာကို ထုတ်ပြန်သည့် HRAN သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ ကောက်ခံခြင်း၊ ပြည်သူလူထုများအတွက် လူ့အခွင့်အရေး ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် တရားမျှတမှု ရရှိရေးတို့ အစဉ်တစိုက် ပူးပေါင်းလုပ်ဆောင်သည့် ကွန်ယက်အဖွဲ့အစည်းဖြစ်ပါသည်။

၃။ ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြည်တွင်းပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများ သိရှိလာစေရန်၊ လူ့အခွင့်အရေးချိုး ဖောက်ခံရသူများအတွက် အမှုမှန်/အမှန်တရားများပေါ်ပေါက်ပြီး တရားမျှတမှု ရရှိလာစေရန်၊ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်နေသော စစ်ရာဇဝတ်မှု၊ လူသားဖြစ်တည်မှုကိုဆန့်ကျင်သောပြစ်မှုများအပေါ် နိုင်ငံတကာအဖွဲ့အစည်းမှ အပြစ်ပေး အရေးယူလာစေရန်နှင့် အစီရင်ခံစာတွင်ပါရှိသော လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များကို နိုင်ငံတကာ တရားရုံးတွင် သက်သေအထောက်အထားအဖြစ် ထည့်သွင်း အသုံးပြုလာစေရန် ရည်ရွယ်၍ ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

၄။ လက်လှမ်းမှီ ကောက်ခံရရှိသည့် မှတ်တမ်းအချက်အလက်များအရ အကြမ်းဖက်စစ်ကောင်စီသည် ရှမ်း/မြောက်အတွင်း လက်နက်ကြီးအသုံးပြု ရမ်းသမ်းပစ်ခတ်မှုအများဆုံးဖြစ်ပြီး အပြစ်မဲ့ပြည်သူ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း (၄၀၁) ဦး၊ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၃၂၀) ဦးနှင့် မြေမြှုပ်မိုင်းအသုံးပြုမှုများပြား သည့်အတွက် ဒေသခံပြည်သူများမှ မိုင်းနင်းမိပြီး ကိုယ်လက် အင်္ဂါများဆုံးရှုံးသူနှင့် အသက်ဆုံးရှုံးသူပေါင်း (၁၂၉) ဦး အပြင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သော သတ်ဖြတ်ခြင်း၊ ပစ်ခတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ ဒရုန်းအသုံးပြုပြီး ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ (၁၆၁)ဦး ထိခိုက်မှုရှိပြီး အမျိုးသမီးနှင့် ကလေးအပါအဝင် စုစုပေါင်း (,၀၁၁)ဦး ထိခိုက်ခြင်း သေဆုံးခြင်း ရှိသည်။ ထို့အပြင် လူနေအိမ်များ၊ အများပိုင် အဆောက်အဦးများဖြစ်သော စာသင်ကျောင်း၊ သာသနာ့အဆောက်အုံ၊ ဈေး၊ ဆေးရုံ၊ ဆေးပေးခန်းများ (၁၉၀၅)ကျော် ထိခိုက်ပျက်စီးခဲ့ပြီး မြေပြင်တွင် ယခုဖော်ပြသော ထိခိုက်သေဆုံးမှုများ၊ ပျက်စီးမှုများမှာ ဖော်ပြသည်ထက် ပိုမိုများပြား နိုင်သည်။

၆။ ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်မှ နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများထံသို့ အောက်ပါ အချက်အလက်များကို တောင်းဆိုအပ်ပါသည်။

 (က) အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို တွေ့ဆုံဆွေးနွေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်။

(ခ) အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားလည်ပတ်ရန် အထောက်အပံ့ဖြစ်စေသော စီးပွါးရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားဆီး ပိတ်ဆို့ပေးရန်။

(ဂ) အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း ရပ်တန့်ရန် လေယာဉ်ဆီ တင်သွင်းခြင်း၊ ရောင်းချခြင်းများ  (လုံးဝ) မပြုလုပ်ရန်။

(ဃ) အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကူညီထောက်ပံ့ပေးရန်။

(င) စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီကို အပြစ်ပေးအရေးယူမှု လုပ်ဆောင်နိုင်ရန် ပြည်တွင်းရှိ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့် ပူးပေါင်းရန်။

(စ) အိမ်နီးချင်းနိုင်ငံများမှ အကြမ်းဖက်စစ်ကောင်စီနှင့် နိုင်ငံရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ပူးပေါင်းဆောင် ရွက်မှုများ မပြုလုပ်ရန်နှင့် ပြည်သူလူထုများကို လူသားချင်းစာနာထောက်ပံ့မှုများ ကူညီပေးရန်။

(ဆ) ထိခိုက်နစ်နာသူများအား ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ပံ့မှုများ လုပ်ဆောင်နိုင်ရန်အတွက် ဒေသအတွင်းရှိ CSO များကို တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးရန်။

လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်

ဆက်သွယ်ရန်

၁) ၀၉ – ၄၀၃ ၈၇၇ ၆၉၀

၂) ၀၉ – ၂၅၆ ၅၉၇ ၅၄၄