စစ်အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာပါဝင်လို့ ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်းတွေကို ထောင်အာဏာပိုင်တွေက အလုပ်ပြန်ဝင်ဖို့ အတင်းအကျပ်ဖိအားပေးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာလ ၆ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM တွေကို ထောင်အာဏာပိုင်တွေက ရုံးခန်းခေါ်ပြီး CDM စာရင်းကနေ ပယ်ဖျက်ခွင့် အသနားခံလျှောက်လွှာတွေမှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေတာလို့ ပြောထားပါတယ်။

အထူးသဖြင့် စစ်တပ်၊ ရဲနဲ့ အကျဉ်းဦးစီးက CDM ဝန်ထမ်းတွေကို အသနားခံစာမှာ လက်မှတ်ထိုး အလုပ်ပြန်ဝင်ခိုင်းနေတာလို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“လွှတ်ပေးစေချင်တယ်ဆိုရင် အသနားခံစာတင်ရင် လွတ်နိုင်တယ်ဆိုတဲ့ စည်းရုံးချက်တွေနဲ့စည်းရုံးနေတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ် ။ စစ်ကောင်စီမှာ လူအင်အားလျော့နည်းလာတဲ့အခါမှာ သူတို့ယန္တရားတွေ လည်ပတ်ဖို့အတွက် သူတို့လက်အောက်မှာ အရင်ကလုပ်ခဲ့ဖူးတဲ့သူတွေကို ပြန်လည်စည်းရုံးနေတယ်လို့ ယူဆပါတယ်”

အသနားခံစာမှာ လက်မှတ်မထိုးတဲ့ CDM ဝန်ထမ်းတွေကို နောက်ထပ်ပုဒ်မတွေတပ်ပြီး တရားစွဲတာတွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို CDM အမည်စာရင်းက ပယ်ဖျက်ခွင့်‌လျှောက်ထားဖို့ ဖိအားပေးနေတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအကျဉ်းဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

RFA Burmese