အတိတ်မှ လူ့အခွင့်အရေး အကြီးအကျယ် ကျူးလွန်ချိုးဖောက်မှုများအတွက် ကိုင်တွယ်ဖြေရှင်းရန် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု (TJ) လုပ်ငန်းစဥ်တခုမှာ “တရားမျှတမှု” (Justice) ဖြစ် သည်။
လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်သူများ တာဝန်ယူ၊ တာဝန်ခံစေရန်အတွက် ဆောင်ရွက်သည့် လုပ်ငန်းစဥ်ဖြစ်သည်။
တရားမျှတမှု (Justice) လုပ်ငန်းကို “တရားစီရင်ရေး နည်းလမ်း” (Judicial) နှင့် “တရားစီရင်ရေး မဟုတ်သည့် အခြားနည်း”များ (Non-Judicial) ဖြင့် ဆောင်ရွက်ကြသည် (ဥပမာ- နစ်နာသူများအ တွက် ပြန်လည်ကုစားပေးလျော်မှု (Reparation) လုပ်ငန်းစဥ်)။
နိုင်ငံတကာတွင် တရားမျှမှု (Justice) နှင့် ကျူးလွန်သူများ တာဝန်ယူ၊ တာဝန်ခံစေရန်အတွက်
- ပြည်တွင်းခုံရုံး (ပြည်တွင်းခုံရုံးမှ လွတ်လပ်ပြီး တရားမျှမှုရှိလျှင်)
- ဖက်စပ် တရားခုံရုံး (Hybrid) (ဥပမာ- ကမ္ဘောဒီးယား)
- သီးသန့်ကိစ္စများအတွက်သာ တရားခုံရုံးတင် စစ်ဆေးပြီးနောက် ဖျက်သိမ်းလိုက်သည့် ယာယီ တရားခုံရုံး (Ad-Hoc)
- အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) များဖြင့် ခုံရုံးတင် စစ်ဆေးကြသည်။
ယာယီ တရားခုံရုံး (Ad-Hoc) များ
ယူဂိုဆလားဗီးယား နိုင်ငံဟောင်းအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Tribunal for the former Yugoslavia–ICTY) ကို ကုသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၈၂၇ အရ ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ခုံရုံးဖြစ်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် အခြေစိုက်သည်။ ခုံရုံးက ၁၉၉၁ မှ စတင်ခဲ့သည့် ယူဂိုဆလားဗီးယား ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ် မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုသည့် ယာယီခုံရုံး (ad hoc) ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။
အဓိကအားဖြင့် ဂျီနီဗာ ကွန်ဗန်းရှင်း (Geneva Conventions) ပါ အချက်များကို ဖောက်ဖျက်ခြင်း၊ စစ်ပွဲဆိုင်ရာ ဥပဒေ များကို ကျူးလွန်ချိုးဖောက်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် ခုံရုံးတင်စစ်ဆေးသည်။
ကျူးလွန်သူများအပေါ် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် တသက်တကျွန်း ချမှတ်ခဲ့သည်။