၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၈)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့နယ်တို့မှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့ နယ် တွင် စစ်အာဏာရှင်တပ်သားများက ပြည်သူ (၃၀)ကျော်ကို အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ် ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်မှုထမ်းရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးမှ ပြည်သူ များကို အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၁၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့ရသည်။