ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ကနေ စစ်မှုထမ်းအမှတ်စဉ် ၅ အတွက် အသက် ၄၀ အရွယ်တွေ အပါအဝင် အရပ်သား အယောက် ၄၀ အဓမ္မ စစ်သားစုဆောင်းခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘိုကလေးမြို့နယ်ကနေ စစ်မှုထမ်း အမှတ်စဉ် ၅ အတွက် စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီတပ်နဲ့ပေါင်းပြီး အသက် ၄၀ ကျော်အရွယ်တွေ အပါအဝင် အရပ်သား အယောက် ၄၀ ကျော်အထိ စစ်မှုထမ်းဖို့ အဓမ္မ စစ်သားစုဆောင်းခဲ့တာလို့ ဆိုပါတယ်။

စစ်သားစုဆောင်းခံရတဲ့ မိသားစုဝင်တယောက်က “အမှတ်စဉ် ၅ အတွက် အယောက် ၄ဝ ခေါ်တာ။ မဲနှိုက်ပြီး ရွေးချယ်တာမဟုတ်ဘဲ အိမ်တွေထဲအထိ လိုက်ဆွဲခေါ်သွားတာ။ အခေါ်ခံရတဲ့သူတွေထဲမှာ အသက် ၄၀ ကျော် အရွယ်တွေ ပါတယ်။ အဲ့အသက် ၄၀ ကျော်တွေကိုလည်း သိသိကြီးနဲ့ ခေါ်သွားတာ။ ထွေအုပ်နဲ့  အုပ်ချုပ်ရေးမှူးတွေ ပေါင်းလုပ်တာ။ စစ်သားစုဆောင်းတာခံရတဲ့ မိသားစုတွေကတော့ အချိန်ပြည့် စိတ်သောကတွေရောက်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အခေါ်ခံရတဲ့သူတွေထဲက ကျန်းမာရေး မကောင်းလို့ တကယ်မကောင်းကြောင်း စနစ်တကျ တင်ပြထားတဲ့ လူငယ်ကိုတောင် မချန်ထားခဲ့ဘူးလို့ သိရတယ်။ အမှတ်စဉ် ၅ အတွက် စစ်သားစုဆောင်းခံရတာ အားလုံး အယောက် ၄၀ ကျော်ပေ့ါ။ ကျေးရွာတွေဘက်က အယောက် ၂၀ ကျော်နဲ့ ရပ်ကွက်တွေထဲက အယောက် ၂၀ လို့ သိရတယ်။ လက်ရှိ သင်တန်းပေးနေပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း အပတ်စဉ် ၅ အတွက် အဓမ္မ စစ်သားစုဆောင်း ခေါ်ခံခဲ့ရတဲ့ အရပ်သားတွေကို မော်လမြိုင်ကျွန်းမြို့ အမှတ် ၅၃၄ ခြေလျင်တပ်ရင်းမှာ စုဆောင်းထားပြီး သက်ဆိုင်ရာ သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက အဓမ္မ စစ်သားစုဆောင်းခံရတဲ့ အရပ်သားတွေကို ပုသိမ်စစ်တိုင်းရုံးနဲ့ ရန်ကုန်ဘက်က တိုင်းစစ်ဌာနချုပ်တွေမှာ စက်တင်ဘာ ၁၀ ရက်ကစပြီး စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စစ်မှုထမ်း အမှတ်စဉ်  ၂ နဲ့ ၃ တုန်းက အဓမ္မစစ်သားစုဆောင်းခံရတဲ့ အရပ်သားတွေကို စစ်သင်တန်းပေးပြီး စစ်ကောင်စီက ရှင်းပြည်နယ်မှာ စစ်ဆင်ရေး တာဝန်ထမ်းဖို့ဆိုပြီး ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

DVB News