စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် ဒီနှစ်ရက်အတွင်း ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည်စခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့သလို မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာကိုလည်း ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ဒီနှစ်ရက်အတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့တာပါ။

လက်ယက်မရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ အဲဒီရွာမှာ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၇ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအေကေက ပြောပါတယ်။

“ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ စာသင်ကျောင်းနားမှာနေတာလည်း မရှိဘူး၊ ရပ်ရွာတွေထဲမှာလည်း နေတာမရှိဘူး၊ ဘာသတင်းရပြီး ပစ်သွားတယ်မသိဘူးဗျ၊ အကြောင်းမဲ့သက်သက်ကို လာပစ်သွားတာ၊ ပေါင် ငါးရာဗုံးနဲ့ စာသင်ကျောင်းကို ချတယ်လို့တော့ ခန့်မှန်းတယ်၊ စာသင်ကျောင်းကို မကျဘဲနဲ့ စာသင်ကျောင်းရှေ့က အိမ်ကို ကျသွားတာ၊ အစက ပွဲချင်းပြီးသေတာက ငါးယောက်၊ ဆေးတပ်ဖွဲ့တွေလာပြီးမှ ဆုံးသွားတာက တစ်ယောက်ဆိုတော့ ခြောက်ယောက်ဗျ”

လက်ယက်မရွာကို စစ်ကောင်စီက ပေါင် ငါးရာဗုံး လေးလုံးချပြီး တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ ရွာစာသင်ကျောင်းအရှေ့ ဗုံးကျတဲ့အိမ်က မိသားစုဝင် ငါးဦးမှာ လေးဦးက နေရာမှာတင် သေဆုံးခဲ့ပြီး စာသင်ကျောင်းရဲ့ တောင်ဘက် ဗုံးကျတဲ့နေရာက ဆယ်တန်းကျောင်းသူတစ်ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက တစ်ဦးကတော့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ချိန်မှာ သေဆုံးသွားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒေသတွင်းသတင်းဌာနတွေမှာတော့ ကလေးတစ်ဦး အပါအဝင် အမျိုးသမီး လေးဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြကြပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်လက်ယက်မရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)
မကွေးတိုင်း မြိုင်မြို့နယ်လက်ယက်မရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)

ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည်စခန်းတို့ကို စက်တင်ဘာ ၅ ရက် ညပိုင်းနဲ့ ၆ ရက်နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေ ပေါင်ငါးရာ ဗုံးတွေ ကြဲပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အယောက် ၂ဝ ကျော် သေဆုံးခဲ့‌‌ပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ ပါဝင်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက် ဒီလိုလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်လာတာပါ။

တအာင်းပြည်နယ် အခြေစိုက် နိုင်ငံရေးလေ့လာသူ ကိုဆိုရ်ဒါင်းက စစ်ရှုံးထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။

“စစ်ကောင်စီက သူ ဆုံးရှုံးထားတဲ့ နယ်မြေတွေ၊ စစ်ရှုံးတဲ့နယ်မြေတွေကို မဆီမဆိုင်နဲ့ ပြည်သူတွေကို ဦးတည်ချက် ရည်ရွယ်ချက်ရှိရှိနဲ့ လူထုအကြောက်တရားလွှမ်းမိုးသွားအောင် လုပ်နေတာဖြစ်တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ကြေညာပေမဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သူကိုယ်တိုင် လုပ်နေတာဖြစ်တယ်”

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားကလည်း စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ သုံးသပ်ပါတယ်။

“တစ်ခါမှ တိုက်ပွဲမဖြစ်ဘဲနဲ့ လူထုတွေ ပုန်းအောင်းနေတဲ့ စစ်ရှောင်နေတဲ့ နေရာတွေကို အခြေခံပြီး လိုက်ဗုံးကြဲတာက တမင်သပ်သပ်ကို ရည်ရွယ်ချက်ရှိရှိကို လူထုအပေါ်မှာ သေစေလိုတယ် ပျက်စီးစေလိုတယ် မဟုတ်လည်း ကြောက်ရွံ့မှုဖြစ်စေပြီး လူမှုဘဝ ပျက်စီးအောင် လုပ်တဲ့လုပ်ရပ်လို့ပဲ ပြောလို့ရတယ်။ ဒီလုပ်ရပ်တွေက ခွင့်လွှတ်လို့ရတဲ့ မေ့ဖျောက်လို့ရတဲ့ လုပ်ရပ်တွေမဟုတ်ဘူး။ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့အတွက် နိုင်ငံတကာမှာ တရားစွဲဆိုပြီး အပြစ်ပေးအရေးယူနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ရမယ့်အချိန်ဖြစ်နေပြီ နိုင်ငံတကာမှာတော့ နိုင်သလောက် တင်ပြတောင်းဆိုပြီး စစ်ကောင်စီလုပ်ရပ်တွေကို ရာဇဝတ်မှုကျူးလွန်တယ်ဆိုတာ ပြနိုင်အောင် အချက်အလက်စုဆောင်းရမယ့်အပြင် တစ်ချိန်တည်းမှာပဲ လူထုအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားဖို့ သက်ဆိုင်သူအားလုံးက ကြိုးစားနေရမှာပေါ့ အလွယ်တကူမေ့ပျောက်ပြီး အရင်တုန်းကလို ပျက်ပြယ်လို့ရတာ မဟုတ်ဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုပါတယ်”

RFA Burmese