ရိုဟင်ဂျာတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့ လိုအပ်နေပြီး နိုင်ငံတကာက အကူအညီတွေပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က တောင်းဆိုလိုက်ပါတယ်။

သြဂုတ် ၂၅ ရက်နေ့မှာကျရောက်တဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုလိုက်တာပါ။

မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် တရားမျှတမှုရရှိအောင် နိုင်ငံတကာက အရေးယူဆောင်ရွက်နိုင်ဖို့ လိုအပ်နေဆဲဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်း ပျက်ကွက်မှုတွေရှိနေတယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောကြားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ တစ်သန်းကျော်ထွက်ပြေးခဲ့ရပြီး အခုလည်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြားမှာ ရိုဟင်ဂျာ ခြောက်သိန်းလောက်ဟာ တိုက်ပွဲတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအကြားမှာလည်း ရိုဟင်ဂျာတွေ သေဆုံးရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ကို ထွက်ပြေးတိမ်းရှောင်သူတွေ နေ့စဉ်တိုးလာတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခွင့်ရနိုင်ဖို့နဲ့ ဒီလူတွေအတွက် အကူအညီတွေ ရရှိဖို့လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာနေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ထောက်ပံ့ကူညီမယ်လို့ ပြောပေမယ့် အကူအညီတွေလိုအပ်နေဆဲဖြစ်ပြီး နိုင်ငံတကာက လူသားချင်း စာနာရေး အကူအညီတွေပေးအပ်ပေးဖို့ကိုလည်း BROUK က တိုက်တွန်းပါတယ်။

RFA News