၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ့ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၃၃၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက (AAPP) ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသမီး ၁၁၁ ဦးနဲ့ အမျိုးသား ၂၂၃ ဦး စုစုပေါင်း ၃၃၄ ဦးကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ၃၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲက ၁၀၅ ဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နည်းပေါင်းစုံနဲ့ သတ်ဖြတ်ခံရမှုကြောင့် အများဆုံး သေဆုံးခဲ့တာဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

အခုနှစ် ခုနစ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားသူ ၁၆၁ ဦးရှိပြီး အသက် ၁၈ နှစ်အောက် ၁၂ ဦး ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ သေဒဏ်ချမှတ်ခံထားရသူ တစ်ဦးနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၁၄ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

AAPP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဩဂုတ်လ ၂ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီကြောင့် အရပ်သား ငါးထောင်ကျော် (၅,၄၇၂) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ နှစ်သောင်းခုနစ်ထောင်ကျော် (၂၇,၁၄၁ ) ရှိပါတယ်။

RFA Burmese