တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲနဲ့၊ သီပေါမြို့တွေမှာ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လအစောပိုင်း နှစ်ပတ်အတွင်းဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၄၆ ယောက်ထက်မနည်းသေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဇူလိုင်လ ၂၂ ရက် ဒီနေ့ပြောပါတယ်။

မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတဲ့အချိန်ကစလို့ စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးပြီး လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်တာကြောင့် အရပ်သားတွေ သေဆုံးနေရတာလို့ ဆိုပါတယ်။

တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်မှာ တိုက်ပွဲတွေ အဓိကဖြစ်နေပြီး၊ စစ်ကောင်စီဟာ အဲဒီပိုက်လိုင်းတစ်လျှောက်မှာရှိတဲ့ မြို့နဲ့ရွာတွေကို အဓိကပစ်မှတ်ထားနေတယ်လို့လည်း ပြောထားပါတယ်။

နှစ်ပတ်အတွင်း ဒဏ်ရာရတဲ့ အရပ်သား ၃၅ ယောက်ထက်မနည်းရှိပြီး၊ အဆောက်အဦပေါင်း ၁၅ဝ ကျော် ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စစ်ကောင်စီဘက်က အင်အားပြင်း ပေါင် ၅၀၀ ဗုံးတွေပါ ကြဲချနေတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစလို့ “၁ဝ၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့တချို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို TNLA၊ MNDAA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

RFA Burmese