၂၀၂၄ ခုနှစ်၊ ဇူလိုင် (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင်လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်၊ သံတွဲအကျဉ်းထောင်တွင် စစ်အာဏာရှင်တပ်က နိုင်ငံရေး အကျဉ်းသားများ ကို လူသားဒိုင်းအဖြစ် အသုံးချခြင်းများ ပြုလုပ်ခဲ့ပြီး စစ်အာဏာ ရှင်တပ်သားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် နိုင်ငံရေး အကျဉ်းသူ (၂)ဦး သေဆုံးခဲ့ရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အကျဉ်းထောင်တွင် စစ်အာဏာ ရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက၊ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝင်စာကန့်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်း နှင့် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်အများ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်သားများက ပြည်သူများကို စစ်မှုထမ်းရန်အတွက် အဓမ္မ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၄၀)ကျော် သေဆုံးခဲ့ပြီး (၆၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်း ကြောင့် ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။