ကယားပြည်နယ်၊ လွိုင်ကော်ထောင်ထဲက အကျဉ်းသားလေးရာကျော်ဟာ ထောင်ဝင်စာမရလို့ အာဟာရ မပြည့်ဝဘဲ ကျန်းမာရေးချို့တဲ့လာနေတယ်လို့ (NLD) ပါတီက သူတို့ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးနဲ့အတူ လွိုင်ကော်မြို့အတွင်း တိုက်ပွဲတွေပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က လွိုင်ကော်ထောင်မှာ တပ်စွဲထားတာကြောင့် မိသားစုဝင်တွေ ထောင်ဝင်စာ ပို့ခွင့်မရတာ ခြောက်လကျော်နေပါပြီ။

မြန်မာပြည်တွင်းက ဆိုးဝါးတဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကလည်း လျစ်လျူရှုထားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

“လွိုင်ကော်က တော်တော်လေးကို အခြေအနေဆိုးတယ်။ စကစက စစ်ရှုံးလာတဲ့အခါကျတော့ မစားရတဲ့အမဲ သဲနဲ့ပက်မယ်ဆိုပြီးတော့ ထောင်အသီးသီးမှာရှိတဲ့ နိုင်ကျဉ်းတွေအပေါ်မှာ ထောင်ဝင်စာကိစ္စနဲ့ပတ်သက်လို့ အရေးပေါ်ဆေးဝါးလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ပိတ်ဆို့မှုတွေအများကြီးလုပ်နေတယ်။ ICRC ကလည်း ဖိအားမပြောနဲ့ တွန်းအားတောင် မပေးဘူး။ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမရှိရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိတယ်ဗျ”

ဒါ့အပြင် မန္တလေးဗဟိုအကျဉ်းထောင်ထဲမှာ အကျဉ်းသား ၅၀ ပဲ ထားလေ့ရှိတဲ့ အဆောင်တွေမှာ လူဦးရေ ၁၀၀ ကနေ ၂၀၀ အထိ စုပြုံထားတာကြောင့် နွေရာသီမှာ ပူလွန်းတာ၊ မိုးတွင်းမှာ အဝတ်အစားတွေ ခြောက်ဖို့ခက်တာလို ပြဿနာတွေကြုံနေပြီး အကျဉ်းသားတွေဟာ ပွေး၊ ဝဲ စတဲ့ အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ NLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ စာရင်းအရ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာ သိမ်းချိန်ကစပြီး သုံးနှစ်ခွဲအတွင်း စစ်ကောင်စီ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံရသူ (၁၀,၉၂၄) ဦးရှိပြီး အဲဒီထဲမှာ NLD ပါတီဝင် (၁,၅၃၉) ဦးပါဝင်ပါတယ်။

ဒီစာရင်းအရ ဖမ်းဆီးခံရသူတွေရဲ့ (၁၄.၁) ရာခိုင်နှုန်းက NLD ပါတီဝင်တွေ ဖြစ်ပါတယ်။ ဒီအကျဉ်းသားတွေဟာ ကျန်းမာရေးနဲ့ ညီတဲ့အစားအသောက်တွေ မရရှိတာနဲ့ ကျန်းမာရေးပြဿနာတွေအတွက် လုံလောက်တဲ့ ဆေးဝါးကုသမှုတွေမရကြဘူးလို့ ဆိုပါတယ်။

အိုးဘိုထောင်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရပြီး ဆေးကုသမှု အလုံအလောက်မရတာကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးအား တွေ့ရစဉ်။ (Photo: Political Prisoners Network - Myanmar)
အိုးဘိုထောင်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရပြီး ဆေးကုသမှု အလုံအလောက်မရတာကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးအား တွေ့ရစဉ်။ (Photo: Political Prisoners Network – Myanmar)

ကင်ဆာရောဂါ အပြင်းအထန်ခံစားနေရတဲ့ ဖမ်းဆီးခံ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

“ဒေါက်တာဇော်မြင့်မောင်က ကျွန်တော်တို့သိသလောက် အိုးဘိုထောင်ကနေ ပြင်ပဆေးရုံတစ်ခုကို ထုတ်သွားတယ်လို့ အဲ့လိုသိထားပါတယ်။ ပြင်ပမှာကုပေးတာ နည်းနည်းလေး တိုးတက်မှုတစ်ခုလို့ ကျွန်တော်တော့ မြင်ပါတယ်။ သူ့ရောဂါက တော်တော်လေးဆိုးနေတော့ ကျွန်တော်တို့ စိုးရိမ်နေတာပါ။ သူ့ကို ချွင်းချက်မရှိထောင်ကနေ လွှတ်ပေးသင့်တဲ့လူမျိုးပါ။ စကစ လက်ထက်မှာ အဓိက မဲတာက NLD ဆိုပိုမဲတယ်။ NUG တို့ PDF တို့နဲ့ပတ်သက်တဲ့သူဆိုရင် ပိုပြီးမဲတယ်။ ၁၀၂၇ စစ်ဆင်ရေးတွေစပြီး မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်လာပြီးနောက် ထောင်တွေထဲမှာ နှိပ်ကွပ်မှုတွေ ပိုတင်းကျပ်လာတယ်။ ပိုဆိုးလာတယ်ခင်ဗျ”

တစ်ဖက်မှာလည်း ထောင်တွင်းအကြမ်းဖက်မှုတွေလို့ဆိုတဲ့အထဲ ထောင်ပြောင်းတယ်ဆိုပြီး ထောင်ပြင်ပမှာ အသတ်ခံရသူ အယောက် ၃၀၊ ထောင်တွင်းရိုက်နှက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး၊ ထောင်ထဲကထုတ်ပြီး စစ်ကြောရေးပြုလုပ်ချိန်မှာ အသတ်ခံရသူ လေးဦး၊ လုံလောက်တဲ့ ဆေးကုသမှုမရလို့ သေဆုံးသူ ၂၅ ဦး စုစုပေါင်း ၇၆ ဦး ရှိခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီအထဲမှာ NLD ပါတီဝင် ၁၁ ဦး ပါဝင်တယ်လို့ NLD စာရင်းတွေမှာ ဖော်ပြပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဒေါက်တာ ဇော်မြင့်မောင်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို NLD ပါတီက ထုတ်ပြန်လာတဲ့ ဖြစ်ရပ်တွေထဲမှာ ဒီနှစ် မတ်လ ၁ ရက်နေ့က ပဲခူးတိုင်း သာယာဝတီထောင်မှာ လိင်စိတ်ခံယူမှုကွဲပြားသူ အသက် ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားကို အကျဉ်းသားအချင်းချင်း မုဒိမ်းမှုကျူးလွန်တဲ့ ကိစ္စကိုလည်း ထည့်ဖော်ပြထားပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ကျိုက်မရောထောင်မှာ ဇွန်လ ၁၂ ရက်နေ့က အကျဉ်းသားတွေကို အတင်းအဓမ္မ အလုပ်စေခိုင်းခဲ့လို့ အသက် ၂၅ နှစ်အရွယ် အကျဉ်းသားတစ်ဦး အမြင့်ပေ ၂၀ ကနေ ဓာတ်လိုက်ပြီး ပြုတ်ကျခဲ့ပါတယ်။

သူ့ကို ဆေးကုသပေးဖို့ တောင်းဆိုတဲ့ အကျဉ်းသား အယောက် ၁၆၀ ကတော့ ထောင်ပြောင်းခံခဲ့ရပါတယ်။

အလားတူ မိတ္ထီလာ၊ ပြည်၊ ပုသိမ်၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပခုက္ကူ၊ ဂန့်ဂေါ၊ ဒိုက်ဦး၊ ကျိုက်မရော၊ အင်းစိန် စတဲ့ အကျဉ်းထောင် အသီးသီးမှာ အစားအသောက်နဲ့ သောက်သုံးရေ ရှားပါးနေတာ၊ ဆေးဝါးကုသခွင့်မရတာ၊ ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ NLD က ထောက်ပြထားပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံကတော့ အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဖိအားပေးငွေတောင်း စီးပွားရှာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ် မဟုတ်မှန်ကြောင်းနဲ့ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ဆိုတာမရှိဘဲ တည်ဆဲဥပဒေကို ချိုးဖောက်လို့ ပြစ်ဒဏ်ကျခံနေရသူတွေသာ ရှိတယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့ညက သတင်းထုတ်လွှင့်ခဲ့ပါတယ်။

RFA Burmese