၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မုံရွာ – မန္တလေး လမ်းတွင် ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မိုင်း ရှာဖွေ ရေးများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်လက်အောက် ခံ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှုးများ က စစ်မှုထမ်း ဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံကူးလက်မှတ် အလည်အပတ် (PV) ဖြင့် ပြည်ပနိုင်ငံများသို့သွားရောက် အလုပ် လုပ်ကိုင်မှုများကို တားဆီးမည်ဖြစ်ကြောင်း စစ်အာဏာရှင်တပ်၏ အလုပ်သမားဝန်ကြီးက ဇူလိုင်လ (၆)ရက်နေ့တွင် ပြောကြားခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)နီးပါး သေဆုံးခဲ့ပြီး (၂၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။