၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ (၂၂)ရက်မှ (၃၀)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ‌လေကြောင်းအသုံးပြုခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှု တို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် ပြည်သူ များ အစုလိုက်အပုံလိုက် သေဆုံးခြင်းများ ဖြစ်ခဲ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်း သားများကို ပဲခူးတိုင်းဒေသကြီး ကျိုက်စကောထောင်သို့ ပြောင်းရွေ့ခဲ့သည်။ ယခုတပတ်အတွင်း စစ်အာဏာရှင်တပ် က ဆန်များကို သတ်မှတ်ဈေးအတိုင်း ရောင်းချရန် အတင်းအကြပ် သတ်မှတ်ခဲ့ပြီးနောက် ဆန်ကုန်သည်၊ ဆန်စက် ပိုင်ရှင် များကို ဖမ်းဆီးခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၈၀)ကျော် သေဆုံးခဲ့ပြီး (၆၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။