၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီ (၁)ရက်နေ့မှ (၇)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ အကျဉ်းထောင်တွင် စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီး ဌာနက နိုင်ငံ‌ရေး အကျဉ်းသားများကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား (၁၈)ဦးကို ထောင်စည်းကမ်းဖောက်ဖျက်မှုနဲ့ ထပ်တိုးပြစ်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၂)ဦး ဆေးကုသခွင့်ရရန် လိုအပ်လျှက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် စစ်အာဏာရှင်တပ်သားများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးမျာက ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး (၄၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၁)ဦး သေဆုံးခဲ့ရပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။