၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

နိုဝင်ဘာလ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်မှ ပြည်သူပိုင်တံတား(၄)စင်းကို စစ်အာဏာရှင်တပ်သားများက ဖျက်ဆီးခဲ့သည်။ နိုဝင်ဘာ ၁၉ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်အာဏာရှင်တပ်က ရေကြောင်းသွားလာ၊ ငါးဖမ်းခွင့် တလပိတ်ပင်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်က ညအချိန် အပြင်ထွက်သည့် လူငယ်များကို ဖမ်းဆီးကာ ငွေကြေး တောင်းခံခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ဦးကျော် သေဆုံးခဲ့ပြီး (၉)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၁၁)ဦး သေဆုံးခဲ့ရသည်။ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် စစ်အာဏာရှင် တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ အဆိပ်ငွေ့ဗုံးဖြင့်တိုက်ခိုက်လာဟု တအောင်းတပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်။