ထီးချိုင့်မြို့နယ်ကို လေတပ်က ဗုံးကြဲမှုကြောင့် သေဆုံးကြသူများထဲတွင် ၅ နှစ်အောက် ၃ ဦး ပါဝင်သည်၊ တိုက်ပွဲကာလ ရှို့မီးရှို့ကြောင့်လည်း မြို့ပေါ်ရှိ အိမ်များ ပိုမိုပျက်စီးရသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၂၀ နီးပါး သေဆုံးပြီး၊ ပျောက်ဆုံးနေသူတချို့လည်း ရှိနေသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြောသည်။

နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် တကောင်း-ထီးချိုင့်-အင်းတော်လမ်းပိုင်းကို KIA, AA, ABSDF နှင့် PDF ‌တပ်ပေါင်းစုက ပိတ်ဆို့လိုက်ပြီးနောက် မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ထိုနေ့မှ စတင်ကာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့က နေ့စဉ် ၃ ကြိမ်မှ ၈ ကြိမ်ခန့်အထိ ရောက်လာသည်၊ ထီးချိုင့်မြို့ပေါ်ကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း ဗုံးကြဲသည်ဟု ထီးချိုင့်-ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုနေ့က ဒေသခံအမျိုးသမီး ၂ ဦး သေဆုံးသည်၊ နောက်တစ်ရက်တွင် ဘုန်းကြီး ၁ ပါးနှင့် ဒေသခံ ၄ ဦး သေဆုံးသည်ဟု အဆိုပါ ပအဖ အဖွဲ့ဝင်က ပြောသည်။

“သူတို့က လေယာဉ်နဲ့ ဗုံးကြဲရုံတင်မကဘူး၊ လေယာဉ်ပေါ်ကနေပါ စက်သေနတ်နဲ့ ပစ်တယ်၊ စစ်ရှောင်တွေနေတဲ့ နေရာတွေကိုပါ လိုက်ကြဲနေတာ” ဟု သူက ပြောသည်။

ဒဏ်ရာရသူလည်း အများအပြားရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

ဗုံးကြဲခံရသည့် ရွာများမှာ တောမ၊ ဝါးဘိုးချောင်း၊ သခွပ်ချောင်၊ အလယ်တော၊ အင်းတိန်၊ လေသာ၊ ပိန္နဲကုန်း၊ ကြက်သွန်ခင်းနှင့် ကိုးတဲရွာတို့ ဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကိုးတဲရွာကို စစ်လေယာဉ်က ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ရွာအတွင်းသို့ ၅ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ တိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားသည်ဟု ထီးချိုင့်-ပအဖ အဖွဲ့ဝင်က ပြောသည်။

“ကိုးတဲရွာကို တိုက်ပွဲမဖြစ်ဘဲ ဘာမဆိုင် ညာမဆိုင် ဗုံးကြဲလိုက်တာကိုက ကလေးသုံးယောက်နဲ့ ဗိုက်ကြီးသည်တစ်ယောက် သေတယ်၊ ဗုံးကြတဲ့နေရာဆိုရင် လူတစ်ရပ်လောက်တောင် ကျင်းကြီးတွေ ဖြစ်သွားတယ်၊ ဘေးအိမ်တွေ၊ အုတ်နံရံတွေ အကုန်ပြိုကျသွားတယ်” ဟု သူက ပြောသည်။

ကိုးတဲရွာမှ ဒဏ်ရာရသူများတွင် အသက်အန္တရာယ် စိုးရိမ်ရသူများလည်း ပါဝင်နေသည်ဟု သိရသည်။

ထိုသို့ဗုံးကြဲပြီးနောက် တောင်ယာလုပ်ငန်းခွင်မှ အမျိုးသမီးများကိုလည်း စက်သေနတ်ဖြင့် လိုက်လံပစ်ခတ်သည့်အတွက် အသက်လု ပြေးကြရကြောင်း၊ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပအဖအဖွဲ့ထံမှ သိရသည်။

ယနေ့ (နိုဝင်ဘာ ၁၄ ရက်) မွန်းလွဲပိုင်းတွင်လည်း အလယ်တောရွာနှင့် အင်းတိန်ရွာတို့ကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း ထိုရွာများမှ အရပ်သား ၁၂ ဦး ထိခိုက်သေဆုံးသည်ဟု ထီးချိုင့်တော်လှန်ရေးအဖွဲ့များ တည်ထောင်ထားသည့် Tigyaing Revolution -TR လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၉ ဦး သေဆုံးသည်၊ ထိုအထဲတွင် ငါးနှစ်အောက် ကလေးငယ် ၃ ဦး ပါဝင်သည်ဟုလည်း ဆိုသည်။

“မြို့ပေါ်ပြည်သူတွေရော အခု နယ်ဘက်တွေကို ကြဲလို့ ထိတာရောဆိုရင်တော့ နှစ်ဆယ်လောက်တော့ ရှိမယ်ဗျ၊ ဘာလို့ဆိုရင် ပြည်သူတွေက ပျောက်နေတာရော ရှိမယ်၊ မိသားစုဝင်တွေက သေပြီဆိုပြီး ပြောပေမဲ့ Dead Body ရှာလို့မရတဲ့ ဟာတွေကလည်း ရှိသေးတော့လေ” ဟုလည်း ထီးချိုင့် ပကဖအဖွဲ့ဝင်က ပြောသည်။

ထီးချိုင့်မြို့နယ် ကျေးရွာများရှိ ပြည်သူများ လေကြောင်းအန္တရာယ်ကို သတိထားကြရန် တော်လှန်ရေးအဖွဲ့များက အဆက်မပြတ် တိုက်တွန်းနေသည်။

မီးရှို့ဖျက်ဆီးမှုများလည်းရှိ

တော်လှန်ရေးအဖွဲ့များ နောက်ဆုတ်ထားစဉ် မြို့ပေါ်ရှိ ရဲစခန်းကုန်းမှ စစ်ကောင်စီ လက်နက်ကိုင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတို့ကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက်အသေးစိတ်ကို မသိရသေးပေ။

ရဲစခန်းကုန်းနှင့် မြစ်အရှေ့ဘက် မြတောင်လမ်းဆုံတို့ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ပေါင်းစုက နိုဝင်ဘာ ၁၃ နံနက်ပိုင်းတွင် တပ်ပြန်ဆုတ်လိုက်သည်ဟု ထီးချိုင့်-PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ဘက်က လေကြောင်းက ပစ်တာတွေရော၊ ကျေးရွာမီးရှို့တာတွေရော၊ မြို့ပေါ် မီးရှို့တာတွေရောကြောင့် ဒီဘက်က နည်းနည်း နောက်ဆုတ်ထားကြတယ်” ဟု ထီးချိုင့် PDF အဖွဲ့ဝင်က ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများအရ မြို့ပေါ်ရှိ နေအိမ်များ ပျက်စီးနေပြီး ထွက်ပေါ်လာသည့် မီးခိုးလုံးများကို မြစ်အရှေ့ဘက်ခြမ်းမှပင် လှမ်းမြင်နေရသည်။

စစ်ကောင်စီတပ်သားများ မီးရှို့ထားသည့် ထီးချိုင့်မြို့ကို နိုဝင်ဘာ ၁၄ ရက် အဝေးမှ မြင်ရစဉ်။

မြို့အရှေ့ဘက်ခြမ်းရှိ မြတောင်လမ်းဆုံအနီးတွင် တိုက်ပွဲငယ်များ ဆက်ဖြစ်နေသည်ဟုလည်း ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ တစ်ပတ်တာတိုက်ပွဲအတွင်း နှစ်ဖက် သေဆုံးမှု ရှိသည်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသည်ဟု မြို့နယ်ပအဖအဖွဲ့ထံမှ သိရသည်။

နေအိမ် မီးရှို့ခံရသည့် အချက်အလက်များကို ကောက်ယူနေသည့် Data For Myanmar အဖွဲ့၏ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် နေအိမ်ပေါင်း ၇၆,၉၂၃ လုံး မီးရှို့ခံခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ၅၈,၃၉၇ လုံးဖြစ်သည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈၄ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲပေါင်း ၂၂၈ ကြိမ် ဖြစ်ပွားသည်ဟုလည်း ဆိုသည်။

ဗိုလ်ချုပ်ကြီးများကမူ နေအိမ်မီးရှို့သူများသည် ယင်းလက်အောက်ခံတပ်သားများ မဟုတ်၊ လေကြောင်းတိုက်ခိုက်ရာတွင်လည်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။

အောက်တိုဘာ ၂၇ တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ Operation 1027 စတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာခဲ့သလို စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း ကောလင်းမြို့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသည်။

စစ်ဆင်ရေး အစပြုသည်နှင့် ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်များက ထီးချိုင့်မြို့နယ်တွင် လှုပ်ရှားနေခြင်းဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

Myanmar Now News