၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

နိုဝင်ဘာလ (၁)ရက်မှ (၇)ရက်နေ့ အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများက ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ သည်။ စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီးမှ ၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားခဲ့သူ ၅ ဦး အဖမ်းခံခဲ့ရသည်။ တနင်္သာရီမြို့နယ်တွင် ဆန်တင်လာသည့်ကားများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး ဆန်အိတ် များကို သိမ်းယူခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ဦးကျော် သေဆုံးခဲ့ပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၅)ကြိမ် ပြုလုပ်ခဲ့ကြ ရသည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၅)ဦး သေဆုံး ခဲ့ရသည်။