အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှု တွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၁ဝ ဦး ဖမ်းဆီးထောင်ချခံခဲ့ရ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအမျိုးသမီးတွေထဲက တစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာ သေဆုံးခဲ့ပြီး ကျန် တစ်ဦးကတော့ မိုင်းနင်းမိလို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကာလအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အမျိုးသမီး ဆယ်ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်းနဲ့ စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီးပြီလို့ လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကနေ အခု ၂၀၂၃ အောက်တိုဘာ ၂၆ ရက်နေ့အထိ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီး ၃၂၃၂ ဦးရှိတဲ့အနက် ၆၆၈ ဦးဟာ ပြစ်ဒဏ်တွေချမှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။

အခုလို ဖမ်းဆီးခံရတဲ့အမျိုးသမီးအများစုဟာ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ အဖမ်းခံရသူတွေများပြီး တချို့ကတော့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းအမှားဖြန်ဝေရေးသားမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတာလို့ BWU က ပြောပါတယ်။

ဒီအချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့စာရင်းတွေနဲ့ သတင်းမီဒီယာတွေမှာ ရေးသားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံထားကြောင်းနဲ့ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

အခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခု အောက်တိုဘာလ ၃၀ ရက်နေ့အထိ ပြည်သူ ၄၁၆၁ ဦး သေဆုံးခဲ့ပြီး အတည်ပြုရန်လိုအပ်နေတဲ့ စုံစမ်းဆဲ သတ်ဖြတ်ခံရသူဦးရေ ငါးရာ ဝန်းကျင်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ကြေညာထားပါတယ်။

RFA Burmese