၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

အောက်တိုဘာလ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင် တပ်သားများက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၅၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ (၂၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှ ပြည်သူ (၅)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ တောင်သူများမှ စစ်အာဏာရှင်တပ်ကို ငွေကြေးပေးရတဲ့သတင်းထွက်လာပြီးနောက် တောင်သူများကို ခံဝန်ထိုးရန် စစ်အာဏာရှင်တပ်သားများက ခြိမ်းခြောက်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ဦးကျော် သေဆုံးခဲ့ပြီး (၃၄)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၁၁)ဦးကျော် ဖမ်းဆီးခံ ခဲ့ရပြီး စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၉)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၈)ကြိမ် ပြုလုပ်ခဲ့ကြ ရသည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၁)ဦး သေဆုံး ခဲ့ရသည်။