ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲမှာ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ထပ်တိုးလာတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တိုဘာ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။

“တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာ ဒီအောက်တိုဘာ နောက်ဆုံးပတ်ထဲမှာပဲ စကစဘက်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေကြောင့် မုန်းမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည် IDP ဦးရေ ငါးထောင်အထိ ထပ်တိုးလာပြန်ပါပြီ”

အောက်တိုဘာလ ၂၈ ရက်နေ့ကတော့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာငါးရွာက ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ KNU က အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့လည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မုန်းဒေသခံ လေးရာကျော် တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းသုံးသောင်းနီးပါးထိ (၁၂၆,၉၀၀) ရှိလာပါပြီ။

KNU ရဲ့ လက်ရှိစာရင်းတွေအရ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ထိရှိနေပြီလို့လည်း KNU ပြောခွင့်ရ ပဒိုစောတောနီးက RFA ကိုပြောပါတယ်။

RFA Burmese