၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် သာစည်ကျေးရွာသို့ စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များတွင် ဓာတုအဆိပ်ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦး ခန့် အဆိပ်သင့်၍ ဆေးဝါး ကုသမှုခံယူ ခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူ ၃၀ ကျော်ကို စစ်အာဏာရှင် တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နှင့် ခင်ဦး မြို့နယ်တို့မှ ပြည်သူ (၈)ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်တပ်များသား၏ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသစွန့်ခွာမှု (၅) ကြိမ်ကျော် ဖြစ်ပွားခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ တပတ်အတွင်း အသက်မပြည့်သေးသည့်သူ (၅)ဦး ဖမ်းဆီးခံခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရ ရ ရှိခဲ့သည်။